DVB Logo
Home
မြန်မာသတင်း
ပြည်ပစျေးကွက် အဝယ်လိုက်ပြီး ပဲတီစိမ်း စျေးကောင်းရနေ
DVB
·
July 7, 2023
ပြည်ပစျေးကွက် အဝယ်လိုက်ပြီး ပဲတီစိမ်း စျေးကောင်းရနေ
Donate to DVB

ပြည်ပစျေးကွက် အဝယ်လိုက်ပြီး မြန်မာနိုင်ငံထွက် ပဲတီစိမ်း စျေးကောင်းရတဲ့အတွက် အဆင်ပြေနေတယ်လို့ ပဲစိုက်တောင်သူတွေက ပြောပါတယ်။

ပဲတီစိမ်းစျေးက မနှစ်က တတင်း (ပိဿာ ၂၀) ကို ၃၅,၀၀၀ ကျပ်သာ စျေးပေါက်ပေမဲ့ အခုနှစ်မှာ တတင်း (ပိဿာ ၂၀) ကို ၇၅,၀၀၀ ကျပ်အထိ စျေးပေါက်နေတယ်လို့ ပဲတီစိမ်း ရောင်းဝယ်သူထံက သိရပါတယ်။

သနပ်ပင်မှ ပဲစိုက်တောင်သူတဦးက “ပဲတီစိမ်း​စျေးက မနှစ်ကနဲ့စာရင် ဒီနှစ်က နှစ်ဆကျော် စျေးတက်တော့ တော်တော်ကို အဆင်ပြေပါတယ်။ ဒီလိုစျေးကောင်းရတာလည်း ရှားတယ်လေ။ ပဲစိုက်တောင်သူ အများစုကတော့ ဒီနှစ် အဆင်ပြေကြတယ်” လို့ ပြောပါတယ်။

ပဲတီစိမ်းစိုက်ချိန်ဟာ ၂ လခွဲ သက်တမ်းကြာမြင့်တာဖြစ်ပြီး တဧကကို စိုက်မြေကောင်းရင် မျိုး ၆ ပြည်ကြဲရကာ စိုက်မြေညံ့ရင် မျိုး ၈ ပြည်ထိ ကြဲရပြီး အထွက်နှုန်းကတော့ စိုက်မြေကောင်းတဲ့နေရာမှာ တဧကကို တင်း ၂၀ ထွက်ပြီး စိုက်မြေညံ့တဲ့ဆီမှာ ၁၅ တင်းလောက် ထွက်ရှိတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

ပဲတီစိမ်းစျေးနှုန်း တက်လာတာနဲ့အတူ မြေသြဇာစျေးနှုန်း၊ မျိုးစျေးနှုန်းနဲ့ အလုပ်သမားစျေးနှုန်းတို့ပါ တက်လာပါတယ်။

ကျိုက်ထိုမြို့မှ ပဲစိုက်တောင်သူတဦးက “အရင်က မြေသြဇာတအိတ်ကို ၆၀,၀၀၀ ဆို အခု ၁၀၀,၀၀၀ ဖြစ်သွားပြီ။ မျိုးစျေးကတော့ တတင်းကို အရင်က ၈၀,၀၀၀ ကျော်ပဲရှိပေမဲ့ အခု ၁၆၀,၀၀၀ ကနေ ၁၈၀,၀၀၀ ထိ ဖြစ်လာပါတယ်။ ဒါပေမဲ့ ပဲတီစိမ်းစျေးကောင်းတော့ ဒါတွေက မသိသာဘူး” လို့ ပြောပါတယ်။

ပဲတီစိမ်းကို မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ အဓိက စိုက်ပျိုးပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လအစအထိ နှစ်လအတွင်း ပြည်ပကို ပဲတီစိမ်း ၁၁၇,၂၀၁ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၆၃၉ သန်း ရရှိခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013