ပိုးသတ်ဆေးဓာတ်ကြွင်း စံနှုန်းကျော်လွန်မှုကြောင့် မြန်မာ့ပဲတီစိမ်း၊ မြေပဲနှင့် ပြောင်း တင်ပို့ခွင့် တရုတ် ယာယီရပ်ဆိုင်း

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့နေတဲ့ မြန်မာ့ပဲတီစိမ်း၊ မြေပဲနဲ့ ပြောင်းတွေမှာ ပိုးသတ်ဆေး ဓာတ်ကြွင်း စံနှုန်းကျော်လွန်မှုတွေကြောင့် တင်ပို့ခွင့်ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်အာဏာရှင် လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာကုမ္ပဏီတချို့ကို ပဲတီစိမ်း၊ မြေပဲနဲ့ ပြောင်းစေ့တွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်း ကျန်ရှိမှုနှုန်းထား သတ်မှတ်ချက်ထက် ကျော်လွန်နေတာကို စစ်ဆေး တွေ့ရှိခဲ့တာကြောင့် မှတ်ပုံတင်ခွင့်နဲ့ ကုန်ပစ္စည်းတင်ပို့ခွင့်ကို အခုနိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ စီးပွားကူးသန်းဌာန တာဝန်ရှိသူတယောက်က "ပိုးသတ်ဆေး ဓာတ်အကြွင်းအကျန်က သတ်မှတ်ချက်ထက် ကျော်လွန်နေတယ်လို့ သိရတယ်။ ဒါကြောင့် တင်ပို့ခွင့်ကို ယာယီ ရပ်ဆိုင်းတယ်ဆိုပြီး အကြောင်းကြားစာပို့လာတယ်။ ပြောရရင် ထိခိုက်နစ်နာမှု တွေရှိတာပေါ့။ ရှေ့တခေါက်မှာလည်းကြုံရပြီးပြီ။ နောက်ပိုင်း ဒါမျိုးတွေမဖြစ်အောင် တောင်သူ တွေကို ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီး အသိပညာပေးတွေကို တောက်လျှောက်လုပ်သွား ဖို့ရှိပါတယ်" လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှ တရုတ်ဈေးကွက်သို့ ပဲအမျိုးအစားတွေအနက် ပဲတီစိမ်းကို အဓိကထား တင်ပို့ရောင်းချနေတာဖြစ်ပြီး မြေပဲနဲ့ ပြောင်းတင်ပို့မှုကတော့ အနည်းငယ်သာရှိပါတယ်။
တရုတ်ဘက်က အဝယ်ရပ်သွားတာကြောင့် နိုဝင်ဘာလဆန်းပိုင်းက ဈေးအနည်းငယ် မြင့်တက်ခဲ့တဲ့ ပဲတီစိမ်းဈေးနှုန်းမှာ လက်ရှိ နိုဝင်ဘာလ တတိယပတ်မှာ ပဲတီစိမ်းဈေး ကျဆင်းပြီး အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။
တောင်သူတွေဘက်ကလည်း တရုတ်ဘက်ကအဝယ်ရပ်ဆိုင်းလိုက်တာကြောင့် ဈေးနှိမ်ဝယ်ယူမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တဲ့ ပဲတီစိမ်းတန်ချိန် ၁၀,၀၀၀ မှာ Clothianidin ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုက သတ်မှတ်စံနှုန်းထက် ကျော်လွန်နေတာကို စစ်ဆေးတွေ့ရှိခဲ့လို့ ကုန်ပစ္စည်းတွေ ပြန်လည်ပို့ဆောင်ခံခဲ့ရဖူးပါတယ်။











