
ပဲတီစိမ်းကို ပြည်ပတင်ပို့ရာမှာ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေဖို့ ရန်ကုန်တိုင်းက မြို့နယ် ၄ ခုမှာ စိုက်ပျိုးရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်းဆီကနေ သိရပါတယ်။
ကျောက်တန်း၊ သန်လျင်၊ ခရမ်းနဲ့ သုံးခွမြို့နယ်တို့မှာ အခုနှစ် စိုက်ပျိုးရာသီအတွက် စတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်း တာဝန်ရှိသူတယောက် “ပြီးခဲ့တဲ့နှစ်က ပိုးသတ်ဆေးဓာတ်ကြွင်းပါလို့ ဆိုပြီး တင်ပို့ခွင့်ကို ရပ်ဆိုင်းလိုက်တာပေါ့။ အခုတခါမှာ အဲဒီလိုတွေ မဖြစ်အောင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနဲ့ သီးနှံကာကွယ်ရေးဌာနခွဲတို့ရဲ့ ကြီးကြပ်မှုနဲ့ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်စေဖို့အတွက် စတင်လုပ်ဆောင်နေပြီ။ ဒီနှစ်စိုက်ပျိုးရာသီက စမှာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ ပဲတီစိမ်းတွေမှာ သိုင်ရာမီသိုဇမ် (Thiamethoxam) အမည်ရ ပိုးသတ်ဆေးအပါအဝင် ပိုးသတ်ဆေး ၂ မျိုးရဲ့ ဓာတ်ကြွင်း ပါရှိတာကြောင့် ပဲတီစိမ်းတန်ချိန် ၁၀,၀၀၀ လောက် တင်သွင်းခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။
ဒါ့အပြင် အခုနှစ်မှာလည်း ထပ်မံတွေ့ရှိရတာကြောင့် တန် ၁၀,၀၀၀ လောက် ထပ်မံပိတ်ပင်ခံခဲ့ရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကနေထွက်တဲ့ ပဲမျိုးစုံရဲ့ ၄၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံဆီကို တင်ပို့နေတာဖြစ်ပြီး ပဲတီစိမ်းထွက်ရှိမှုရဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ တရုတ်နိုင်ငံဆီကို တင်ပို့နေတာလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။











