DVB Logo
Home
Lead Story
ကျည်ဆန်တွေအစား ပန်းများပွင့်ပါစေ၊ တော်လှန်သောသူငယ်ချင်းထံ ပြန်စာ 
DVB
·
July 7, 2023
ကျည်ဆန်တွေအစား ပန်းများပွင့်ပါစေ၊ တော်လှန်သောသူငယ်ချင်းထံ ပြန်စာ 
Donate to DVB

တော်လှန်ရေးမှာ လှူဖို့ ကူဖို့ပဲ ရေးပါတဲ့။ နိုင်ငံရေးသဘောတရားတွေ မရေးပါနဲ့တဲ့ သူငယ်ချင်းတယောက်က စာရေးလာတယ်…

သူငယ်ချင်းရေ

ငါတို့ တော်လှန်ရေး ဘာကြောင့်လုပ်ရတာလဲဆိုတာ မင်း စဉ်းစားဖူးလား။ မင်း စဉ်းစားကြည့်ဖူးကောင်း ကြည့်ဖူးလိမ့်မယ်။ ဒါပေမဲ့ အဖြေချင်းတော့ တယောက်နဲ့တယောက် တူမှာမဟုတ်ဘူး။

တော်လှန်ရေးတရပ်ဖြစ်ဖို့ဆိုတာ အချက်အလက်တွေလိုတယ်။ တော်လှန်ရေးလို့ ပြောလို့ရဖို့အတွက် …

၁။ ဖိနှိပ်သူလူတန်းစားနဲ့

၂။ အဖိနှိပ်ခံလူတန်းစားဆိုပြီး ရှိဖို့လိုအပ်တယ်။ ပြီး‌ရင် ငါတို့မကြိုက်တဲ့

၃။ စစ်အာဏာရှင်စနစ်အစား

၄။ အစားထိုးစရာ စနစ်တခုလည်း ရှိဖို့လိုအပ်တယ်။

ဥပမာ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (INUG) ကို ဖြစ်ပေါ်စေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညဉ်ဆိုတာ နိုင်ငံရေးသဘောတရားတွေပါတဲ့ ကြားကာလ အစားထိုးစနစ်တခုပါပဲ။ NUCC က ဦးဆောင်ပြီး ရေးဆွဲခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဟာ စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စနစ်ကြီးကို ဖျက်ပစ်နိုင်တဲ့ အစားထိုးစနစ်ကောင်းတခုပေါ့။

‌တို့နိုင်ငံတော်က အဘက်ဘက်က အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိနေတာကြာင့် တော်လှန်ရေးလုပ်နေတဲ့ လူငယ်တိုင်းက တည်ဆောက်ရေးဆန်တဲ့ နိုင်ငံရေးသဘောတရား တွေကို နားလည်မထားဘူးဆိုရင် ကိုယ်စီးတဲ့မြင်း အထီးမှန်းမသိ အမမှန်းမသိ ဖြစ်နေမှာပေါ့။

ကိုယ်လုပ်နေတဲ့ တော်လှန်ရေးက သေနတ်လေး မောင်းဖြုတ်တတ်ရုံနဲ့ မပြီးသလို လှူဖို့ ကူဖို့ လုပ်နေရုံနဲ့လည်း မပြီးဘူးဆိုတာ လူငယ်တွေ သဘောပေါက်အောင် နိုင်ငံရေးသဘောတရားတွေကို နားလည်အောင် ရှင်းပြနေရတာပါ။

တော်လှန်ရေးဆိုတာ ခံစားချက်နဲ့ လုပ်လို့မရဘူး။ ခံယူချက်နဲ့ လုပ်မှရတယ်။ တော်လှန်ရေးဟာ ဝင်ချီ ထွက်ချီ လုပ်လို့မရဘူး။ တစိုက်မတ်မတ် လုပ်မှရတယ်။

‌တကယ်တော့ ငါတို့မြန်မာနိုင်ငံအတွက်ဆို တော်လှန်ရေးနဲ့ တည်ဆောက်ရေး နိုင်ငံရေးသဘောတရားတွေဟာ ခွဲခြားထားလို့မရဘူး။ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလို ခွဲထားပြီး လုပ်လို့မရဘူး။ ကိုယ်လုပ်နိုင်တာကို ကိုယ်လုပ်ရတယ်။

ကိုယ်က ဒါလုပ်နေလို့ သူများတွေကို အတင်းအကျပ် လိုက်လုပ်ခိုင်းလို့လည်း မရဘူး။ သူများကို ဘာရေးပါ၊ ဘာမရေးပါနဲ့ဆိုပြီး ကိုယ့်အမြင် ရှုထောင့်နဲ့ သွားပြောလို့လည်း မရဘူးသူငယ်ချင်း။

စာပေကို အခြေခံပြီး နိုင်ငံရေးလုပ်နေသူ၊ တော်လှန်ရေးကို လက်တွေ့ အောက်ခြေမှာ ပြည်သူနဲ့ထိတွေ့ပြီး လုပ်နေခဲ့တဲ့ စာရေးသူဟာ သူယုံကြည်ရာကို လူငယ်တွေကို ရေးပြခွင့်နဲ့ လမ်းပြခွင့် ရှိပါတယ်။ ဘာကိုတော့ဖြင့် မရေးပါနဲ့လို့ ပိတ်ပင်ခွင့်ဟာ ဘယ်သူ့ဆီမှာမှ မရှိပါဘူး။

ရေနဲ့ငါး သီအိုရီ

မင်း တော်လှန်ရေးမှာ တတ်စွမ်းသလောက် ကူညီနေတာ ငါဝမ်းသာပါတယ် သူငယ်ချင်း။ မင်းကို ကျေးဇူးလည်းတင်ပါတယ်။ မင်းက ရေဆို ငါက ငါးပါ။ မင်းတို့မရှိရင် ငါတို့ငါးတွေ ဘယ်လောက်ကူးခတ်ချင်ချင် ကူးခတ်လို့မရပါဘူး။ မင်းတို့လို ထောက်ပို့ကဏ္ဍက ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါသလဲဆိုတာ ငါအသိဆုံးပေါ့ကွာ။

ဒါပေမဲ့ သူငယ်ချင်း၊ သဘောတရားမပါတဲ့ တော်လှန်ရေးဟာ ဘယ်လောက်အန္တရာယ်များလဲ ဆိုတာ အသက်နဲ့ရင်းပြီး တိုက်ပွဲ‌ဝင်ကြည့်မှ သိမှာပဲ။ ကိုယ် ဘာအတွက် တိုက်နေသလဲ။ ကိုယ် ဘာကြောင့် တော်လှန်ရေးလုပ်နေသလဲဆိုတာ မသိရင် မျက်ကန်းမျိုးချစ်တွေ ဖြစ်ကုန်မှာပေါ့။

အေး၊ နိုင်ငံရေးသဘောတရားကတော့ မင်းနဲ့ငါ့ကို ဘောင်ခတ်ထားတဲ့ ရေကန်နဲ့ တူပါတယ်။ အဲဒီ နိုင်ငံရေးသဘောတရား နားမလည်ဘဲ၊ မခိုင်မာဘဲနဲ့တော့ ငါတို့ မင်းတို့ လုပ်နေတဲ့ တော်လှန်ရေး မအောင်မြင်နိုင်ဘူးသူငယ်ချင်း…

ကျကျနန အရေးတော်ပုံ

တော်လှန်ရေးကြီး အောင်မြင်သည်ပဲထားဦး၊ ကျကျနန မဖြစ်နိုင်ဘူး။ ဒီနေ့ရ မနက်ဖြန် သူများလက် ပြန်ပါသွားမှာပဲ။ ဒါ့ကြောင့် တချို့လူငယ်တွေ တော်လှန်ရေးလုပ်ပြီး NUG ကို ပုတ်ခတ်ကြတယ်၊ CRPH ကို အပြစ်တင်ဝေဖန်ကြတယ်။ သူတို့ကို ငါမေးကြည့်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ ဖတ်ဖူးလားဆိုတော့ မဖတ်ဖူးဘူးတဲ့။ အဲဒါက သူတို့ထင်နေတာက ပိုက်ဆံရှိရင် သေနတ်ဝယ်မယ်။ စကစကို တိုက်မယ်၊ ချမယ်။ ဒါဆို တော်လှန်ရေးက ပြီးပြီထင်နေတာ။

အေး မင်းတို့ လက်ညှိုးကွေးတတ်ရုံနဲ့သာ တော်လှန်ရေး အောင်ရစတမ်းဆိုရင် မင်းတို့ဘိုးအေ KIA တို့ KNU တို့နဲ့တင် စကစ ပြိုနေပြီ။ သူတို့တောင် နှစ် ၇၀ ကျော် သူမနိုင်၊ ကိုယ်မနိုင် အခြေအနေ ဖြစ်နေတာ။

လက်နက်မဲ့ အောင်ပွဲ

NLD က ဘာလက်နက်မှမပါဘဲ အစိုးရအာဏာကို နိုင်ငံရေးသဘောတရား ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ ၅ နှစ်ယူပြသွားတာ ဟိုကောင်တွေ ရူးခါသွားပြီး သွေးရူးသွေးတန်း အာဏာကို မရအရ ပရမ်းပတာ ကောက်သိမ်းရတဲ့အထိ ရုပ်ပျက်ခဲ့တာဟာ စကစဟာ လက်နက်ဘယ်လောက်ပဲသာသာ နိုင်ငံရေးသဘောတရား မသာလို့ပဲဆိုတာ မင်းတွေ့ရမှာပါ။

ဒါ့ကြောင့် အခု နွေဦးတော်လှန်ရေးမှာ လူငယ်တွေဟာ နိုင်ငံရေးသဘောတရားကို သိပြီး တော်လှန်ရေးလုပ်တတ်ဖို့ ငါ နိုင်ငံရေးသဘောတရားစာ ရေးရတာပါ...

စာကတော့ ငါရေးချင်လို့ကိုရေးတာ၊ ငါ့ဝါသနာနဲ့ ငါ့ခံယူချက်ဖြစ်လို့ ငါယုံကြည်ရာကို ငါဆက်ရေးမယ်။

နိုင်ငံရေးကလည်း ငါ့ဝါသနာနဲ့ ငါ့ခံယူချက်နဲ့ငါ ဆက်လုပ်နေဆဲပါပဲ… မင်းလည်း မင်းကူနိုင်တာ လှူနိုင်တာ ဆက်ကူပေးပေါ့ သူငယ်ချင်း… အရာရာအတွက်ကျေးဇူးပါ။ ဖက်ဒရယ်ရရင်တော့ ကျည်ဆန်တွေအစား ပန်းများပွင့်ပါစေလို့ ဆုတောင်းခွင့်တော့ ငါရချင်မိသေးတယ်… သူငယ်‌ချင်းရေ…

ချစ်မင်းနွဲ့ကြည် ရေးသည်။

(သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013