DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေ
DVB
·
July 7, 2023
မြန်မာပြည်တွင်း ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေ
1 / 2
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းလာတာနဲ့အတူ အခြေခံ စားသောက်ကုန်စျေးနှုန်းတွေ ကြီးမြင့်လာပြီး စစ်ကောင်စီဘဏ်နှစ်ခု ပိတ်ဆို့ဒဏ်ခတ်ခံရပြီးမှာ ကုန်စျေးနှုန်းတွေ ပိုမိုမြင့်တက်လာလို့ အခြေခံလူတန်းစားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး ဒေါ်လာစျေးတက်တာ၊ ထိုင်းဘတ်စျေး မြင့်မားလာတာတွေနဲ့အတူ စစ်ကောင်စီလက်အောက်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်က အရေးယူကြောင်း ကြေညာအပြီးမှာ အခြေခံကုန်စျေးနှုန်းကအစ မြင့်တက်လာလို့  ပြည်သူတွေ ပိုမိုခက်ခဲနေပါတယ်။

လှိုင်သာယာမြို့နေ စက်ရုံဝန်ထမ်းတဦးက “ဘယ်လိုပြောရမလဲ၊ မုန်တိုင်းတိုက်ခါနီး တက်ကတည်းက ပြန်မကျဘဲ အခု ပိုလို့တောင် တက်သွားတယ်ပဲဆိုပါတော့။ ကော်ဖီတထုပ် ၂၅၀ ကျပ်၊ ဆေးလိပ်တထုပ် ၆၅၀ ကျပ်၊ ဆန်အကြမ်းဆို ၁၀၀,၀၀၀ အတိဖြစ်သွားပြီ။ ဆားတထုပ် ၂၅၀ ကျပ်၊ စျေးက အရင်ကတည်းက (သင်္ကြန်၊ မုန်တိုင်း) တက်ပေမဲ့ ၁၀၀၊ ၂၀၀ လောက်ပဲ၊ အခုက ထိုးတက်သွားတာ၊ ဟိုဘဏ်နှစ်ခု ပိတ်ခံရကတည်းက ဆိုပါတော့ဗျာ”လို့ ပြောပါတယ်။

ကုန်စျေးနှုန်းက မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တင် မဟုတ်ဘဲ ကုန်မာပစ္စည်းတွေက အစ တရိပ်ရိပ် မြင့်တက်လာပြီး သယ်ယူပို့ဆောင်ရေးယာဉ်ခတွေလည်း တိုးမြှင့် ကောက်ခံလို့ အရင်ထက် ထွက်ငွေ နှစ်ဆလောက် ဖြစ်နေတယ်လို့ အင်းစိန်မြို့က အိမ်ရှင်မတဦးက ပြောပါတယ်။

“ပထမ သတိစထားမိတုန်းက စားသောက်ကုန်လောက်ပဲ တက်တယ်ထင်တာ။ ဆန်တအိတ်ကို ၉၀,၀၀၀ ကျပ်၊ မုန်တိုင်းကာလထက် ၁၀,၀၀၀ လောက် ပိုတက်သွားတယ်ပေါ့။ အခုက ကုန်မာတွေပါ တက်တယ်။ ခြင်ဆေးခွေတဘူး ၁,၀၀၀ ကျပ်၊ roll on တဘူး ၇,၅၀၀ ကျပ်၊ ၂ ဆလောက် တက်သွားတယ်၊ လမ်းစရိတ်ကအစပေါ့ရှင်။ ကားခ အရင်ကလို မဟုတ်တော့ဘူး။ ဘယ်စီးစီး  ၃၀၀၊ ဂိတ်စဆုံး ၅၀၀၊ အခု တညင်းကုန်းကနေ ဆူးလေဆို ၅၀၀၊ သမိုင်းထိက ၃၀၀၊ တက္ကစီခကတော့ မမေးနဲ့တော့ အရင်ထက် ၂ ဆ၊ လုပ်ခလစာကလွဲရင် ကျန်တာ အကုန်တိုးတယ်။ ဒါတွေအကုန် စစ်အုပ်ချုပ်ရေးနဲ့ပါလာတာ။ အရင်တည်းက သူတို့(စကစ)နဲ့ ကင်းတဲ့အလုပ်က ဒီနိုင်ငံမယ် ခပ်ရှားရှား၊ ကျမတို့ကတော့ ရှင်းတယ်၊ ကိုယ်လုပ်နိုင်သလောက် လုပ်မယ်။ ကျောင်းမတက်ဘူး၊ သူတို့လုပ်ငန်းခွင်ထဲ ပြန်မဝင်ဘူး၊ အများကြီး မလုပ်နိုင်တဲ့ အချိန်မှာ ဒီလောက်တော့လုပ်မယ်။ နောက်ဆုံးအခြေအနေ ရောက်ခဲ့ရင်တောင် အမြဲဆန့်ကျင်နေမှာပဲ။ ဒါ အကုန်လုံးရဲ့ သဘောထားလို့လည်း ထင်ပါတယ်။ တယောက်တည်းမဟုတ်ဘူး၊ အားလုံးခက်ခဲနေတယ်။ ဒါပေမဲ့လည်း အားလုံး အတူတူပဲဆိုတဲ့ စိတ်နဲ့ ဒီမိုကရေစီကို မျှော်လင့်ပါတယ်ရှင်။”

လက်ရှိ ပြည်တွင်းသားငါး တဆယ်သားစျေး အနေနဲ့ ကြက်သား ပေါင် ၁,၀၀၀ ကျပ်၊ ရင်ပုံ ၁,၂၀၀ ကျပ်၊ ဝက်သားအဆီအသား ၁,၇၀၀ ကျပ်၊ အသား ၁,၈၀၀ ကျပ်၊ ကလီစာ ၁,၆၀၀ ကျပ်၊ အမဲသား အသား ၁,၆၀၀၊ အကြောအသား ၁,၄၀၀ ကျပ်၊ ကလီစာ ၁၄၀၀ ကျပ်ဖြစ်ပြီး တခြား ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ စားသောက်ကုန်၊ လူသုံးကုန်တွေကတော့ နေ့စဉ်လို တက်နေတယ်လို့ မြောက်ဥက္ကလာပမြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

ဒီလို ကုန်စျေးနှုန်းမြင့်တက်နေပြီး လုပ်ခလစာတွေ တိုးလာတာမျိုး မရှိတဲ့အပြင် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက တရက်လုပ်ခ ၅,၆၀၀ သတ်မှတ်လိုက်လို့ တချို့ကုမ္ပဏီတွေက အပိုကြေးတွေ လုံးဝမပေးတော့တဲ့အတွက် ဒါဟာ တော်လှန်ရေးကိုလည်း ထိခိုက်လာခဲ့တယ်လို့ လှိုင်သာယာမြို့ခံတဦးက ပြောပါတယ်။

“ဟုတ် ပြောရရင် ရင်နာစရာပေါ့၊ လုပ်ခတွေ ပြန်လျော့သွားတယ်။ လုပ်သက်ကြေး၊ အချိန်ပိုကြေး၊ စသဖြင့် အရည်အချင်းလိုက် ပေးတာမျိုးရှိတယ်။ အခုက ၅,၆၀၀ ဒိန်းဆိုပြီး သတ်မှတ်လိုက်တော့ ဘာကြေးမှမပေးတော့ဘူး။ ဒါယူ ဒါလုပ် ဖြစ်နေကြတယ်။ တချို့ကြတော့လည်း သူဌေးကနေ အောက်ကြေးပေးကြတယ်။ လုပ်သားရင်းမြစ်မရှိရင် ရပ်တည်လို့ မရဘူးလေ။ အဲ့ဒါနဲ့ အရင်က တော်လှန်ရေးကို သေချာထောက်ပံ့နိုင်ပေမဲ့ အခုချိန်မှာကျ ခက်ခဲလာတယ်လေ။ အရင်က တသိန်းဆို တသိန်း လိုတဲ့အချိန်တိုင်း ပေးလို့ရပေမဲ့ အခုက ၁၀,၀၀၀ ဆိုရင်ကို အတော်စဉ်းစားနေကြရတာ။ ကြာရင် တော်လှန်ရေးကြီး ရပ်သွားမှာတောင် ဆိုးတယ်။ နိုင်ငံတကာက​ ထောက်ပို့တွေရှိနေတာ တော်သေးတယ် ပြောရမယ်။”

ပြည်တွင်းကုန်စျေးနှုန်း မြင့်မားမှုဟာ ပြည်သူတရပ်လုံးအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ပြီး လူငယ်တွေအနေနဲ့ ပြည်တွင်းလုပ်ခလစာ လျော့နည်းလာမှု၊ စစ်ကောင်ရဲ့ဖိနှိပ်ချုပ်ချယ်မှု တွေကြောင့် လယ်ယာ၊ အိမ်၊ ခြံ၊ မြေ ရောင်းချပေါင်နှံကာ တရားဝင်ရော တရားမဝင် လမ်းကြောင်းတွေကပါ ပြည်ပထွက်ခွာသူတွေ များပြားနေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဝယ်လိုအားနဲ့ ရောင်းလိုအား မျှတမှုမရှိလို့ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းကြီးမြင့်ရတာဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့ မြေသယံဇာတ၊ ရေသယံဇာတ အခြေခံကောင်းတွေရှိတဲ့ မြန်မာနိုင်ငံအတွက် ထုတ်လုပ်မှု နည်းပါးတာ မဖြစ်သင့်ဘူးလို့ ဇူလိုင် ၂ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တာဝန်ရှိသူတွေနဲ့ ရန်ကုန်မှာ တွေ့ဆုံစဉ် ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013