DVB Logo
Home
မြန်မာသတင်း
ကိုရင်လေးကို နှိပ်စက်ရိုက်နှက်ခဲ့သည့်ကျောင်းထိုင်ဘုန်းကြီးကို ထောင်ဒဏ်  ၂ နှစ်ချ
DVB
·
April 25, 2026
Photo: Ashin Thu Nan Da
Photo: Ashin Thu Nan Da
Donate to DVB

အသက် ၁၂ နှစ်အရွယ် ကိုရင်လေးကို ရိုက်နှက်ခဲ့တဲ့ မြိတ်မြို့၊ ကျောက်ဖြူတောင် ပဋိပတ္တိတောရ ကျောင်းက ကျောင်းထိုင်ဘုန်းကြီး ဦးတေဇကို ဧပြီ ၂၄ ရက်က မြိတ်မြို့နယ် တရားရုံးက သာသနာညှိုနွမ်းစေမှု ပုဒ်မ ၂၉၅ (က) အရ ထောင်ဒဏ် ၂ နှစ်အမိန့်ချလိုက်တယ်လို့ လိုက်လံ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

ဧပြီ ၂၄ ရက် မနေ့မနက်က  ဦးတေဇ (ခ) ဦးထွန်းလှိုင်ကို မြိတ်တရားရုံးက ပုဒ်မ ၂၉၅ (က)အရ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်တာလို့ လိုက်လံကူညီပေးသူတယောက်က DVB  ကိုပြောပါတယ်။

"လူဝတ်လဲပြီးကတည်းက မြိတ်မြို့နယ်ရဲစခန်းမှာ ဖမ်းထားတာပါ။ အခု မြိတ်မြို့နယ်တရားရုံးက ပုဒ်မ ၂၉၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်တယ်။ အမှန်ဆို ဒီပုဒ်မက ငွေဒဏ်ရော၊ ထောင်ဒဏ် ပါ ပါတယ်။ အခုက ထောင်ဒဏ် ၂ နှစ်ပဲအမိန့်ချလိုက်တာ ငွေဒဏ်တော့ မပါတော့ဘူး။”

ပြစ်မှုဆိုင်ရာဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က)ဟာ သူတပါးကိုးကွယ်တဲ့ ဘာသာသာသနာကို ညစ်နွမ်း အသရေပျက်အောင် စော်ကားမှုတွေ တမင်ကျူးလွန်မှုနဲ့ ဆိုင်တဲ့ပုဒ်မဖြစ်ပါတယ်။ ဒီအမှုကို ကျူးလွန်ရင်  အာမခံမပေးနိုင် ကျေအေးခွင့်မရှိဘဲ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်၊ ဒါမှမဟုတ် ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။ 

ဧပြီ ၂၁ ရက်က တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီး ဦးတေဇက အသက် ၁၂ နှစ်အရွယ် ကိုရင်လေးတပါးကို ရိုက်နှက်ခဲ့နေတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

အလားတူဖြစ်ရပ်မျိုး ဧပြီ  ၂၁ ရက် မနက်ကလည်း တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက် ပါလျှံ ၁ ကျေးရွာမှာဖြစ်ခဲ့ပြီး အဲဒီဖြစ်စဥ်မှာ အသက် ၁၀ နှစ်အရွယ် အမျိုးသမီးလေးကို ကန်ကြောက်ပြီး တက်နင်းကာ ခါးပတ်နဲ့ ရိုက်ခဲ့တဲ့ ဒေါ်လောမိန့်ကို ဟောင်လိတ်နယ်မြေရဲစခန်းက အမှုဖွင့်ထားပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်ကလည်း ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ ဒေါ်ညိမ်းကျေးရွာ သရက်တောကျောင်းတိုက်မှာ ၁၃ နှစ်အရွယ်ကိုရင်လေး  တပါးကို သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တဲ့ ဆရာတော်ဦးဥက္ကဋ္ဌ အပါအဝင် ဆရာတော် ၂ ပါးနဲ့ ကပ္ပိယ  တယောက်တို့ကို ဖမ်းဆီးပြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013