DVB Logo
Home
မြန်မာသတင်း
ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှု ယခင်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျော် လျော့ကျ
DVB
·
July 5, 2023
ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှု ယခင်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျော် လျော့ကျ
Donate to DVB

ပြည်ပကို မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ထက်ဝက်နီးပါးသာ ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်း၊ မကွေးတိုင်းတို့လို ဒေသတွေမှာ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ဆန်စပါးစိုက်ဧကတွေ လျော့ကျခဲ့သလို စစ်ကောင်စီ ချမှတ်တဲ့ ကုန်သွယ်ရေးနဲ့ ငွေကြေးမှုဝါဒတွေကလည်း ဆန်စပါးပြည်ပတင်ပို့မှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇွန်လကုန်အထိ ပထမသုံးလပတ်မှာ ပြည်ပကို ဆန်တန်ချိန် ၅ သိန်း ၅ သောင်းကျော်ထိ တင်ပို့နိုင်ခဲ့ပေမယ့် အခုဘဏ္ဍာနှစ် ဇွန်လကုန်အထိ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ သိန်း ၆ သောင်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး အရင်နှစ်နဲ့ယှဉ်ရင် ပြည်ပကိုတင်ပို့မှု ၅၀ရာခိုင်နှုန်းကျော် လျှော့ကျခဲ့ပါတယ်။ ဆန်/ဆန်ကွဲ တင်ပို့မှုက ရရှိတဲ့ ပို့ကုန်ဝင်ငွေဟာလည်း ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၇၁ သန်း လျော့ကျခဲ့ပါတယ်။

အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ပဆန်နဲ့ ဆန်ကွဲတင်ပို့မှုကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ မေလက တင်ပို့တဲ့ ဆန်နဲ့ဆန်ကွဲ ပမာဏက ဧပြီလထက် ပိုများခဲ့ပေမယ့် ဇွန်လမှာ ပြန်ကျဆင်းသွားပါတယ်။

ပထမသုံးလပတ်အတွင်း ပင်လယ်ရေကြောင်းကနေ ဆန်တန်ချိန် ၂ သိန်းခွဲဝန်းကျင် အများဆုံး တင်ပို့ထားတာဖြစ်ပြီး နယ်စပ်ကနေ တန်ချိန် တစ်သောင်းခွဲ ဝန်းကျင်သာ တင်ပို့ထားနိုင်ပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်ကစပြီး နယ်စပ်ကနေ ဆန်နဲ့ဆန်ကွဲတင်ပို့မှုက ရရှိတဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို စျေးကွက်ပေါက်စျေးထက် နည်းတဲ့ ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ လဲလှယ်ရမယ်လို့ သတ်မှတ်ခဲ့ပြီးတော့ ၃၅ ရာခိုင်နှုန်းကိုသာ ပြင်ပပေါက်ဈေးနဲ့ လဲလှယ်ခွင့် ပြုခဲ့တာကြောင့် နယ်စပ်ကနေ ပြည်ပ ဆန်တင်ပို့မှု သိသိသာသာ လျော့ကျလာခဲ့ပါတယ်။

အရင်က နယ်စပ်ကနေ ဆန်နဲ့ဆန်ကွဲတင်ပို့မှုဟာ လစဥ်ပုံမှန် တန်ချိန် လေးသောင်းကနေ ငါးသောင်း ကျော်အထိ ရှိခဲ့ရာက ပြီးခဲ့တဲ့ မတ်လ မှာ တန်ချိန် ၂၇၀ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး စံချိန်တင် လျော့ကျခဲ့ပါတယ်။

“အရင် နယ်စပ်ကနေ ဆန်၊ ဆန်ကွဲ လစဥ်တန်ချိန် ငါးသောင်းဝန်းကျင် တင်ပို့မှုရှိတယ်။ မတ် ၁ ရက်က နေစပြီးတော့ တင်ပို့မှုကျသွားတာ။ ၆၅-၃၅ စနစ်ရှိနေသရွေ့တော့ လုံးဝမကိုက်နိုင်ဘူး။ မြန်မာနိုင်ငံရဲ့ ဆန်ဈေး ကျရင်ကျ ဒါမှပဲ ဆန်သမားတွေပို့နိုင်မယ်” လို့ မှုဆယ် အခြေစိုက် ဆန်ကုန်သည်တဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြင့်တက်လာတဲ့ စိုက်ပျိုးရေးသွင်းအားစုစျေးတွေနဲ့ အထွေထွေ ကုန်စျေးနှုန်းတွေ၊ သယ်ယူပို့ဆောင်ခ နှုန်းထားတွေက ပြည်တွင်းဆန်စျေးနှုန်ူးကို မြင့်တက်စေပြီး ပဋိပက္ခတွေကြောင့် မြန်မာ့ပြည်တွင်း ဆန်စပါး အထွက်နှုန်း ထိခိုက်မှုကလည်း ဆန်စျေးမြင့်တက်စေဖို့ အကြောင်း အရင်းတရပ် ဖြစ်နေပါတယ်။

“ဆန်စျေး၊ စပါးစျေးကောင်းတော့ အရင်နှစ်ထက် စျေးတော့ပိုရတာပေါ့။ ဒါပေမယ့် ကုန်စျေးနှုန်းကလည်း အကုန်လိုက်တက်နေတာဆိုတော့ မထူးပါဘူး” လို့ စစ်ကိုင်းတိုင်းအတွင်းက လယ်သမားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တင်ပို့မှုက တန်ချိန် ၂ ဒသမ ၂ သန်းကျော်၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃ သန်းကျော် ရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ထက် တိုးတက်ခဲ့ပါတယ်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ရရှိဖို့ လျာထားဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အသိပေးထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက ဆန်ကို တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ တူရကီ၊ မလေးရှားနိုင်ငံတို့က အများဆုံးဝယ်ယူနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013