
ကရင်နီပြည်နယ်ရဲ့ စားနပ်ရိက္ခာနဲ့ဝင်ငွေရလမ်းကြောင်းတွေကို စစ်အာဏာရှင်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေလို့ ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ဝင်ငွေပြတ်တောက်နေတဲ့အပြင် စက်သုံးဆီဈေးနှုန်း မတည်ငြိမ်မှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေ ပိုကျပ်တည်းလာနေပါတယ်။
လက်ရှိ ကရင်နီပြည်နယ်အတွင်းမှာ တကျော့ပြန် ထိုးစစ်တွေနဲ့အတူ စစ်တပ်က ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကစပြီး စက်သုံးဆီ သယ်ယူခွင့်တွေကို စည်းမျဉ်းအသစ်တွေနဲ့ ပိတ်ဆို့ ဖြတ်တောက်ခဲ့တာကြောင့် ပြည်နယ်တွင်း ကုန်စည်စီးဆင်းမှု အကန့်အသတ်ဖြစ်ပြီး ဆီဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်မှာ ပြည်သူတွေနဲ့ စစ်ရှောင်တွေ စိုက်ပျိုးသီးနှံ မရိတ်သိမ်းနိုင်အောင်၊ စားနပ်ရိက္ခာ ပြတ်လပ်အောင် ရည်ရွယ်ချက်နဲ့အတူ စိုက်ကွင်းတွေကို လက်နက်ကြီးပစ်ခတ်တာ၊ စိုက်ပျိုးသီးနှံ ရိတ်သိမ်းနေတဲ့ ပြည်သူတွေကို ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေတာကြောင့် လက်ရှိ စိုက်ပျိုးရေးရာသီအစမှာလည်း တောင်ယာနဲ့ လယ်ကွင်းတွေကို ပြန်ဆင်းဖို့ မဖြစ်နိုင်ဘူးလို့ စစ်ရှောင် ၂၀၀ ကျော်ရှိနေတဲ့ ဖရူဆိုစစ်ရှောင်စခန်း တာဝန်ခံတယောက်က ဆိုပါတယ်။
“အပြောင်းအလဲကတော့ အများကြီးရှိတာပေါ့။ ရေလာပို့မယ် ပြောပြီးတော့မှ ဓာတ်ဆီဈေး တက်သွားတော့ လာမပို့နိုင်တော့တဲ့ အဖွဲ့တွေလည်း ရှိတာပေါ့။ ပြီးတော့မှ အစ်မတို့ အခု ကမ့်ပ်ထဲမှာက မိုးရွာပြီ၊ ဒါပေမဲ့ ထွန်ယက်စိုက်ပျိုးဖို့ကျတော့လည်း မဝယ်နိုင်ဘူး၊ ဒီဇယ်ဈေးတွေလည်း တက်ဆိုတော့ မဝယ်နိုင်တော့ ရှိတဲ့မြေ သူများငှားပေးတဲ့ မြေတောင်မှ မစိုက်ပျိုးနိုင်ဘူး။ အဲ့လို အကျိုးသက်ရောက်မှုတွေတော့ ရှိတာပေါ့။”
လက်ရှိ ကရင်နီပြည်နယ်ရဲ့ အဓိကအားထားနေရတဲ့ လယ်ယာစိုက်ပျိုးရေး ဧရိယာတွေကို စစ်တပ်စစ်ကြောင်းတွေက တပ်စွဲထားတဲ့အပြင် ရိတ်သိမ်းရာသီတွေမှာ ဒေသခံတောင်သူတွေကို ဖမ်းဆီးပြီး စိုက်ခင်းတွေကို ပျက်စီး ရေမြုပ်အောင် တမင်လုပ်ဆောင်တာတွေကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက ဆန်စပါးအများအပြား ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ KnHRG က ဆိုထားပါတယ်။
လက်ရှိ စစ်ဘေးရှောင်စခန်းတွေအတွင်းမှာ အလုပ်အကိုင်နဲ့ ဝင်ငွေ လုံးဝပြတ်တောက်နေတာကြောင့် ရိက္ခာပြတ်လပ်လာချိန်မှာ အမျိုးတွေဆီက ချေးငှား စားသောက်နေရပြီး မရှိတဲ့အဆုံးမှာတော့ မိသားစုဝင်တွေ မွေးမြူထားတဲ့ ဝက်တွေကို ရောင်းချပြီး ဆန်နဲ့ ပြန်လည်လဲလှယ် စားသောက်နေကြရတယ်လို့ ဒီးမော့ဆို စစ်ရှောင်တယောက်က ပြောပါတယ်။
“အခုဆို မြေပဲ စစိုက်လို့ရနေပြီ။ ဒါပေမဲ့ ထွန်ဖို့ ဓာတ်ဆီမရှိဘူး၊ ဝယ်ဖို့လည်း ပိုက်ဆံမရှိဘူး။ သူများလာခေါ်လို့ နေ့စားအငှားလိုက်ရင်တောင် လယ်ဖြောင့်ဖြောင့်မစိုက်ရဘူး။ ဒရုန်းနဲ့ လက်နက်ကြီးတွေ ကျကျလာတယ်လေ။”
အဲဒီအကျိုးဆက်ကြောင့် အခုနှစ် စိုက်ပျိုးရာသီမှာလည်း ထပ်မံစိုက်ပျိုးဖို့ ခက်ခဲနေတဲ့အပြင် စက်သုံးဆီဈေးနှုန်း မတည်ငြိမ်မှုတွေကလည်း စစ်ရှောင်တောင်သူတွေမှာ စိုက်ပျိုးရေးလုပ်ငန်း စတင်နိုင်ခြင်းမရှိဘဲ အဘက်ဘက်က အခက်အခဲ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေဟာ ကရင်နီပြည်နယ်ကို အငတ်ဘေးကြုံလာနိုင်တဲ့ အခြေအနေထိ စိုးရိမ်ရတယ်လို့ KnHRG က ထောက်ပြထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ကမ္ဘာ့အရှေ့အလယ်ပိုင်း အကျပ်အတည်းနဲ့ ပြည်တွင်းပဋိပက္ခတွေရဲ့ သက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီနဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေဟာ အဆမတန် မြင့်တက်လာနေပြီး ဝင်ငွေနည်းတဲ့ မိသားစုတွေ အတွက် နေ့စဉ် စားဝတ်နေရေး ပိုမိုခက်ခဲလာနေကြောင်း မေ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။










