DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်ရှိ အလှပြင်ဆိုင်များကို ပိတ်ပစ်ရန် တာလီဘန် အမိန့်ပေး
DVB
·
July 5, 2023
အာဖဂန်နစ္စတန်ရှိ အလှပြင်ဆိုင်များကို ပိတ်ပစ်ရန် တာလီဘန် အမိန့်ပေး
Donate to DVB

အာဖဂန်နစ္စတန်က အလှပြင်ဆိုင်တွေကို ပိတ်ပစ်ဖို့ တာလီဘန်တွေက အမိန့်ပေးခဲ့တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

တာလီဘန်တို့က အမျိုးသမီးတွေကို တက္ကသိုလ်ပညာရေး၊ အများပြည်သူဆိုင်ရာ နေရာတွေနဲ့ အလုပ်အကိုင်ပုံစံ အများစုကို ပိတ်ပင်ထားပြီးနောက် အခုလို အလှပြင်ဆိုင်တွေ ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက် အလှပြင်ဆိုင်တွေပိတ်ဖို့ အချိန်တလပေးထားတယ်လို့ သီလဝါ ကာကွယ်ရေးနဲ့ ပြန့်ပွားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ မိုဟမ္မက် ဆာဒစ်ခ် အာခစ်ဖ် (Mohammad Sadiq Akif) က ဇူလိုင် ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

မစ္စတာ အာခစ်ဖ်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ စာတစောင်ရဲ့ အကြောင်းအရာတွေကိုသာ အတည်ပြုခဲ့ပြီး တားမြစ်ချက်နဲ့ပတ်သက်တဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။

ဇွန် ၂၄ ရက်စွဲပါစာမှာ Hibatullah Akhundzada က နှုတ်နဲ့ အမိန့်ထုတ်တယ်လို့ ဖော်ပြထားပြီး တားမြစ်ရတဲ့ အကြောင်းအရင်းကိုတော့ ဖော်ပြထားခြင်းမရှိဘဲ မြို့တော် ကဘူးလ်အပြင် တခြားပြည်နယ်တွေမှာပါ တားမြစ်ပိတ်ပင်တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းက အလှပြင်ဆိုင်တွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ တလအလို နောက်ဆုံးသတ်မှတ်ရက်ပြီးတဲ့နောက် ပိုင်ရှင်တွေက သူတို့ရဲ့ဆိုင်ကို ပိတ်သိမ်းကြောင်း သတင်းပို့ရမှာ ဖြစ်ပါတယ်။

အလှပြင်ဆိုင်ပိုင်ရှင်တဦးက ၂၀၁၇ ခုနှစ်မှာ သူ့ရဲ့ခင်ပွန်းဟာ ကားဗုံးခွဲတိုက်ခိုက်မှုတခုမှာ သေဆုံးသွားပြီးတဲ့‌နောက် ဒီအလှပြင်ဆိုင်ဟာ သူ့မိသားစုရဲ့ တခုတည်းသော အလုပ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခုလိုပိတ်ပစ်တာဟာ သူ့ရဲ့အနာဂတ် အလားအလာတွေကို ထိခိုက်စေနိုင်တယ်လို့ The Associated press ကို ပြောကြားခဲ့ပါတယ်။

အမည်မဖော်လိုသူ ပိုင်ရှင်က ကဘူးလ်မှာရှိတဲ့ အလှပြင်ဆိုင်ကို နေ့စဉ် အမျိုးသမီး ၈ ဦးကနေ ၁၂ ဦးခန့် လာရောက်ပြုပြင်တယ်လို့ ဆိုပါတယ်။

“သူတို့ (တာလီဘန်) တွေက တနေ့တခြား အမျိုးသမီးတွေကို ကန့်သတ်ချက်တွေ ချမှတ်နေတယ်။ သူတို့က ဘာလို့ အမျိုးသမီးတွေကိုပဲ ပစ်မှတ်ထားနေကြတာလဲ၊ ငါတို့က လူသားမဟုတ်ဘူးလား၊ ငါတို့မှာ အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့် မရှိဘူးလား” လို့ သူက ပြောပါတယ်။

တာလီဘန်တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်‌က အာဏာရလာမှုထက် ပိုမို သဘောထားပျော့ပျောင်းတဲ့ အုပ်ချုပ်မှုကို ကနဦး ကတိပြုခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ အာဏာသိမ်းပြီးနောက် ပြင်းထန်တဲ့ အစီအမံတွေကို ဆက်လက်ချမှတ်ခဲ့ပါတယ်။

တာလီဘန်တွေ သိမ်းပိုက်ပြီးကတည်းက အမျိုးသမီးတွေဟာ အများသူငါနေရာတွေ၊ အပန်းဖြေပန်းခြံတွေ၊ အများသူငါရေချိုးခန်းတွေ၊ အားကစားခန်းမတွေနဲ့ အားကစားကလပ်တွေကို သွားရောက်ခွင့် လေးလကြာ ပိတ်ပင်ထားခံခဲ့ရပြီး NGO ရုံးတွေမှာ အလုပ်လုပ်ကိုင်ခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

နိုင်ငံတွင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခြေအနေဟာ ၂၀၀၂ ခုနှစ်မတိုင်မီ ခေတ်ကို ပြန်ရောက်သွားပြီလို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013