ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှာ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ဇူလိုင် ၅ ရက် မနက်က လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မနက် မြန်မာစံတော်ချိန် မနက် ၄ နာရီ ၁၇ မိနစ်၊ ၂၈ စက္ကန့် အချိန် စစ်တွေမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၇၉ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ပလက်ဝမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာ အနက် ၆၄ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။
ဇူလိုင် ၄ ရက် နေ့လယ် ၁ နာရီ ၅၅ မိနစ်ကျော်လောက်ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၀၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ကချင်ပြည်နယ် တနိုင်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် လူတွေထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးမှုရှိတဲ့ သတင်းတွေကတော့ မကြားသိရပါဘူး။