
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိတိုက်နယ်ကျေးရွာမှာ စက်သုံးဆီဆိုင် မီးလောင်ခဲ့ပြီး စက်သုံးဆီတွေ အများအပြားဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၂ ရက် မနက်က ကျိုက်ပိတိုက်နယ်၊ အမှတ် ၄ ရပ်ကွက်၊ ကျိုက်ပိ မီးသတ်စခန်းနဲ့ အထက်တန်းကျောင်း အနီးမှာရှိတဲ့ ရွှေမြင့်မိုရ်စက်သုံးအရောင်းဆိုင်မှာ လျှပ်စစ်မီး ပလပ်ခုံ အပူလွန်ကဲရာကတဆင့် မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးသတ်ရာမှာပါဝင်တဲ့ အရပ်သား ဒေသခံတယောက်က “စက်သုံးဆီဆိုင်ထဲမှာရှိတဲ့ ပလပ်ခုံ အပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်တာ။ ဘေးမှာရှိတဲ့ ဆီပေပါတွေကို မီးကူးသွားတော့ မီးလောင်မှု အားက ပိုကောင်းသွားတာ။ အခြားအိမ်တွေကိုတော့ ဆင့်ပွား မီးကူးစက်လောင် ကျွမ်းတာ မရှိဘူး” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် လူထိခိုက် သေဆုံးတာမရှိပေမဲ့ ၉၂ ဓာတ်ဆီ ၂ ပေပါ၊ ဒီဇယ် ၁ ပေပါ၊ ဆီပန့် ၂ လုံး၊ ဆိုင်အဆောက်အအုံနဲ့ အကာတွေ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုကို ကျိုက်ပိနယ်မြေ မီးသတ်စခန်းနဲ့ မော်လမြိုင်ကျွန်းမြို့နယ်တွေက မီးသတ်ယာဉ်၊ ရေသယ်ယာဉ်တွေနဲ့ အရန်၊ သန္ဓေ မီးသတ်သမားတွေက ဒေသခံတွေနဲ့ ပူးပေါင်းမီးငြှိမ်းသတ် ခဲ့ကြကာ မီးလောင်မှုဖြစ်ပွားပြီး မိနစ် ၃၀ ကျော်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးစတင်လောင်တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စက်သုံးဆီ ဆိုင်ပိုင်ရှင် ဦးဇော်မျိုးကို မော်လမြိုင်ကျွန်း မြို့နယ်၊ ကျိုက်ပိနယ်မြေရဲစခန်းက (ပ)-၁၆/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။










