DVB Logo
Home
Lead Story
ရဲရင့်ခြင်းသင်္ကေတ (သို့) ဒီမိုကရေစီသူရဲ‌ကောင်း ပြည်သူ့သမ္မတကြီး ဦးဝင်းမြင့် 
DVB
·
July 5, 2023
ရဲရင့်ခြင်းသင်္ကေတ (သို့) ဒီမိုကရေစီသူရဲ‌ကောင်း ပြည်သူ့သမ္မတကြီး ဦးဝင်းမြင့် 
Donate to DVB

ပြည်ဖျက်စစ်အုပ်စု‌ခေါင်း‌ဆောင်မင်းအောင်လှိုင်နဲ့ ကြံရာပါ အကြမ်းဖက်‌ဂိုဏ်းက လူထုဆန္ဒကို ဆန့်ကျင်လို့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုလုပြီး မတရားအမှုတွေဆင် ထောင်သွင်းအကျဉ်းချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၁) လည်းဖြစ်တဲ့ ဦးဝင်းမြင့်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ၁၀  ဦးမြောက် နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။

တိတိကျကျထပ်ပြောရရင် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးတဲ့‌နောက် ၁၉၄၈ ခုနှစ်ကနေ ဒီနေ့ချိန်အထိ နိုင်ငံတော်သမ္မတ ၁၀ ဦးလို့သတ်မှတ်ထားရတဲ့အထဲမှာ စဝ်ရွှေသိုက်၊ ဦးဘဦး၊ မန်းဝင်းမောင်နဲ့ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ သမ္မတ ငါးဦးကသာ ပြည်သူက ရွေးချယ်ပေးတဲ့သမ္မတတွေဖြစ်ပြီး ကျန်တဲ့ သမ္မတအမည်ခံ ငါးဦး ဖြစ်တဲ့ နေဝင်း၊ စန်းယု၊ စိန်လွင်၊ ဒေါက်တာမောင်မောင်၊ သိန်းစိန်တို့ကတော့ စစ်အာဏာရှင်စနစ်က ခန့်အပ်ခဲ့တဲ့ ပြည်သူအများစုက အသိအမှတ်မပြု၊ မရွေးချယ်မခန့်ထားဘဲ ဖြစ်လာတဲ့ မသူတော်သမ္မတများသာ ဖြစ်ပါတယ်။

ဦးဝင်းမြင့်ဟာ ဒီနေ့အချိန်ထိ တရားဝင်ဆဲ ဒီမိုကရေစီနည်းနဲ့ အများပြည်သူက ရွေးချယ်တင်မြောက်လိုက်တဲ့ပြည်သူ့ကိုယ်စားလှယ်တွေရဲ့မဲဆန္ဒအများဆုံးနဲ့အရွေးချယ်ခံခဲ့တဲ့ ပဉ္စမမြောက် ပြည်သူ့သမ္မတကြီးဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် အနားယူခဲ့ရတဲ့ NLD ပြည်သူ့ပါတီရဲ့ ပထမဆုံးသမ္မတကြီး ဦးထင်ကျော်နေရာအတွက် ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့မှာ မဲပေးခဲ့ကြရာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၃၆ ဦးအနက် ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေမှအပ အဲ့ဒီအချိန်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းနေတဲ့ ဦးဝင်းမြင့်ကို လွှတ်တော်ကိုယ်စားလှယ်အများစု ၄၀၃ ဦးက နိုင်ငံတော်သမ္မတအဖြစ်မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒီနေရာမှာ ရဲရင့်ခြင်းသင်္ကေတ (သို့) ဒီမိုကရေစီသူရဲ‌ကောင်းလို့ ဂုဏ်ပြုအပ်တဲ့ ပြည်သူ့သမ္မတကြီးဝင်းမြင့်အကြောင်း အကျဉ်းရေးပြချင်ပါတယ်။ ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။ ညောင်ချောင်းကျေးရွာ မူလတန်းကျောင်းနဲ့ ဓနုဖြူမြို့အထက်တန်းကျောင်း၊ ပုသိမ်မြို့အမှတ် ၆ အထက်တန်းကျောင်းတို့မှာ ပညာသင်ကြားခဲ့ပါတယ်။ အဲ့ဒီနောက် ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်ကနေ ဘူမိဗေဒဘာသာရပ်နဲ့ သိပ္ပံဘွဲ့ကိုရခဲ့သလို အထက်တန်း ရှေ့နေစာမေးပွဲကို ဖြေဆိုအောင်ခဲ့တာမို့ H.G.P., R.L လက်မှတ်ကိုပါ ရရှိခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နဲ့ ပုသိမ်မြို့မှာ အထက်တန်းရှေ့နေနဲ့ တရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ဒေါ်ချိုချိုနဲ့အိမ်ထောင်ကျခဲ့ပြီး သားသမီး ၂ ဦးထွန်းကားခဲ့ပါတယ်။ ပထမအကြိမ်ထောင်ချခံရချိန်အတွင်း သားဆုံးပါးခဲ့ရပြီး လက်ရှိ မတရားဖမ်းဆီးထောင်ချခံရတဲ့အချိန်မှာ သမီးဖြစ်သူ မဖြူဖြူသင်းသာ အပြင်မှာကျန်ရှိပါတယ်။

ဦးဝင်းမြင့်ဟာ ၁၉၈၈ ခုနှစ် NLD ပါတီစတင်ဖွဲ့စည်းချိန်ကစလို့ ပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ သူ့ဇာတိဖြစ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က ဓနုဖြူမဲဆန္ဒနယ်၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ကနေ NLD ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပြည်သူလူထုက  ရွေးချယ်ခံရပြီး လေးကြိမ်မြောက် အနိုင်ရခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ပါတယ်။

ဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဧရာဝတီတိုင်းဒေသကြီးကော်မတီအတွင်းရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ပြီး အဲ့ဒီနောက်မှာတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အတွင်းရေးမှူးကနေ ဒုဥက္ကဋ္ဌ (၁) အထိဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ တာမွေမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်ပါတယ်။  ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁  ကနေ  ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့အထိ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သမ္မတကြီးဦးထင်ကျော် ကျန်းမာရေးကြောင့် အနားယူသွားတဲ့အခါ ဦးဝင်းမြင့်ဟာ ပြည်သူကိုယ်စားလှယ်အမတ်အများစုမဲပေးရွေးချယ်မှုနဲ့ မြန်မာနိုင်ငံရဲ့ ၁၀ ဦးမြောက်သမ္မတအဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်နေရင်း စစ်ဓားပြတပ်က လက်နက်အားကိုးအာဏာလုယူတာခံရပြီး မတရားဖမ်းဆီးထောင်ချခံခဲ့ရတာဖြစ်ပါတယ်။

အာဏာအလုခံရတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မနက် ၅ နာရီလောက်မှာ  ဦးဝင်းမြင့်အိပ်ခန်းကို တံခါးလာခေါက်လို့ ဖွင့်ကြည့်လိုက်တော့ အကြမ်းဖက်တပ်ကစစ်သားတွေလာခေါ်ကြတာမို့ ဘုရားဝတ်ပြု၊ တရားစာအုပ်တချို့နဲ့ သောက်နေကျဆေးထုပ်လေးယူပြီး သူတို့‌ခေါ်ရာလိုက်ခဲ့ရပါသတဲ့။ သူရဲ့သမ္မတရုံးခန်းထဲခေါ်လာပြီး ခုံတခုမှာ ထိုင်ခိုင်းထားပါသတဲ့။

ခဏအတွင်းမှာပဲ ဗိုလ်ချုပ်ကြီးလား၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်လား သဲသဲကွဲကွဲမမှတ်မိတော့တဲ့ အရာရှိကြီးနှစ်ဦးရောက်လာပြီး ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါသတဲ့။ ဦးဝင်းမြင့်က သူကျန်းမာရေးကောင်းနေကြောင်းနဲ့ မနုတ်ထွက်ပေးနိုင်တဲ့အကြောင်း ပြန်ပြောပါသတဲ့။

“ပြန်စဥ်းစားပါ။ ပုဂ္ဂိုလ်ရေးထိခိုက်မှု ရှိလာနိုင်ပါလိမ့်မယ်” လို့ စစ်ဗိုလ်ချုပ်နှစ်ယောက်က ခြိမ်းခြောက်စကားဆိုပါသတဲ့။ အဲ့ဒီအခါ သမ္မတ ဦးဝင်းမြင့်က “နုတ်ထွက်မပေးနိုင်ဘူး။ အသေခံမယ်”လို့ ရဲရဲဝံ့ဝံ့ပြန်ပြောဆိုခဲ့တဲ့အပြင် အခုလို အာဏာမသိမ်းသင့်ကြောင်း ဥပဒေနဲ့အညီသာ လုပ်သင့်ကြောင်း သမ္မတကြီးဦးဝင်းမြင့်က သတိပေးပြောဆိုခဲ့ပါသတဲ့။

သမ္မတမဖြစ်ခင်က ကိုယ်ပိုင်အိမ်တောင်မရှိတာမို့ တာမွေမှာအိမ်ငှားနေရရှာတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို အာဏာလုစစ်တပ်ဟာ တရားမဲ့ဖမ်းဆီးထိန်းသိမ်းရုံသာမက  သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ပုဒ်မ ၅၀၅၊ NLD အစိုးရလက်ထက် ရဟတ်ယာဉ်ငှားရမ်း ဝယ်ယူခဲ့တယ်ဆိုသည့် အဂတိမှု အပါအဝင် အမှုပေါင်း ရှစ်မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ထောင်ချပြီး သမ္မတအိမ်တော်က‌နေ နေပြည်တော် အကျဉ်းထောင်မှာထားရာက  ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ နေပြည်တော်ကတဆင့် တောင်ငူအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ တောင်ငူထောင်မှာ အကျဉ်းချခံနေရတဲ့ အသက် ၇၂ နှစ်အရွယ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ရာသီဥတုအေးလွန်းတဲ့ကာလဖြစ်တာမို့ ခြုံစောင်တထည် ထပ်တောင်းတာကို ထောင်အာဏာပိုင်တွေက မပေးခဲ့ကြပါဘူး။ လက်ရှိအချိန်မှာ ကျန်းမာရေးမကောင်းလို့ ထောင်တွင်းမှာဘဲ ဆီးပိုက်တပ်ထားရကြောင်း တောင်ငူထောင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သမ္မတကြီးဦးဝင်းမြင့်သတင်းကို ကြားသိထားရပါတယ်။

ပြည်သူလူထုအလိုမတူဘဲ အာဏာလုခံရပြီးနောက် ပြည်သူအများရဲ့လုပ်ပိုင်ခွင့်နဲ့ ရွေးချယ်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ)ကို ဖွဲ့စည်းခဲ့သလို  နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ NGO တွေနဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ တပြည်လုံးက လူထုလူတန်းစားပေါင်းစုံနဲ့ သက်ဆိုင်သူတွေစုပေါင်းပြီး ဖက်ဒရယ်ပြည်ထောင်စုအတွက် လက်တွဲလုပ်ဆောင်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီပြန်လည်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တည်ထောင်ခဲ့ကြပါတယ်။ အသစ်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရသစ်မှာလည်း ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ဆက်လက်ထားရှိတာမို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့လက်ရှိတရားဝင်သမ္မတကြီးဟာ ဦးဝင်းမြင့်သာလျှင် ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ အမှန်တရားအတွက် အသက်နဲ့ဘဝတွေပုံအောလို့ မကြောက်တရားအလံကို အမြင့်ဆုံး လွှင့်ထူထားကြတဲ့ မြန်မာပြည်သူလူထုကို ကိုယ်စားပြုထားတဲ့ နိုင်ငံ့ခေါင်းဆောင်အစစ်အမှန် ရဲရင့်မှုသ‌င်္ကေတ (သို့) ဒီမိုကရေစီသူရဲ‌ကောင်း၊ လက်နက်အားကိုးအာဏာသိမ်းတာကို လက်မခံဆန့်ကျင်ရဲတဲ့ ပြည်သူ့သမ္မတ၊ အမှန်တရားအတွက်ဆို အသက်သာအသေခံမယ့် သတ္တိကောင်းတဲ့ ပြည်သူချစ်တဲ့ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ကို ဒီဆောင်းပါးနဲ့ လေးမြတ်စွာ ဂုဏ်ပြုရင်း ကျန်းမာပါစေ၊ အနာကင်းပါ‌စေ အသက်ရှည်ပါစေ၊ မတရားဖမ်းဆီးချုပ်‌နှောင်ခံရခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆန္ဒမွန်တောင်းလိုက်ရပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013