DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု သံချပ်ကာယာဉ် ၂ စီးကို ချေမှုန်းခဲ့သည့် ချင်းတော်လှန်ရေးအင်အားစုများကို NUG က ကျပ်သိန်း ၄၀၀၀ ချီးမြှင့်
DVB
·
July 4, 2023
စစ်အုပ်စု သံချပ်ကာယာဉ် ၂ စီးကို ချေမှုန်းခဲ့သည့် ချင်းတော်လှန်ရေးအင်အားစုများကို NUG က ကျပ်သိန်း ၄၀၀၀ ချီးမြှင့်
Donate to DVB

အကြမ်းဖက်စစ်အုပ်စုရဲ့ သံချပ်ကာ ယာဉ် ၂ စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့တဲ့ ချင်းတော်လှန်ရေး အင်အားစုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငွေကျပ်သိန်း ၄,၀၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၄ ရက် ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၂၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့မှုကို  အထောက် အထားတွေနဲ့တကွ တင်ပြလာတဲ့အတွက် စိစစ်ချီးမြှင့်ရေးအဖွဲ့က လေ့လာသုံးသပ် စိစစ်ကာ အတည်ပြုနိုင်ခဲ့တာကြောင့် သံချပ်ကာယာဉ်တစီးကို ကျပ်သိန်း ၂,၀၀၀ နဲ့ ၂ စီးအတွက် ကျပ်သိန်း ၄,၀၀၀ ကို ချင်းပြည်နယ် CNF/CAN + CDAs ရဲ့ တာဝန်ရှိသူတွေကို ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့တုန်းက ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အကြမ်းဖက် စစ်ကောင်စီရဲ့ သံချပ်ကာကား ၂ စီးနဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက “ပထမဦးဆုံး ချင်းပြည်နယ်အတွက် ကျနော်တို့ အထူးဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောချင်ပါတယ်။ ကျနော်တို့ အခုတွေ့နေမြင်နေရတဲ့ နွေဦးတော်လှန်ရေး အခင်းအကျင်းဟာ မတူညီတဲ့ ဒေသတွေအကြား မတူညီတဲ့ ခုခံတော်လှန်စစ်အောင်ပွဲတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရပါတယ်။ အဲသည့်အထဲမှာ ချင်း ပြည်နယ်အတွက် သီးခြားဖြစ်တည်နေတာတွေ တွေ့ရပါတယ်။ နွေဦးတော်လှန်ရေးမှာ ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွက် တပါတည်း လုပ်ဆောင်နိုင်တာကို တွေ့ရလို့ ကျနော်တို့က ဝမ်းသာကြိုဆိုရပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့အတူ ချင်းအမျိုးသား လွတ်မြောက်ရေးတိုက်ပွဲကို အတူယှဉ်တွဲပြီး ဖော်ဆောင်နိုင်လို့ ချင်းလူထုအတွက် ကောင်းချီးဖြစ်စေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ချင်းပြည်နယ်ရဲ့ ပထဝီအားသာချက်တွေကို ခြေကုတ်ယူပြီး ချင်းလူထုရဲ့ ထောက်ခံမှုနဲ့ တော်လှန်ရေးကို အမြော်အမြင်ရှိရှိ/ဇွဲသန်သန်နဲ့ ဦးဆောင်ဦးရွက်ပြုနိုင်မှုအပေါ် ကျနော်တို့ နှစ်ထောင်းအားရ ဖြစ်ရပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် NUG အစိုးရရဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့နဲ့ ပတ်သက်ပြီးတာ့လည်း နိုင်ငံတကာ အသိုက်အဝန်းရဲ့ အမြင်သဘောထားဟာ နွေဦးတော်လှန်ရေးအပေါ်မှာ အပြုသဘောဆောင်တဲ့ အမြင်တွေ ဖြစ်ထွန်းအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုစိတ်ပျက်အောင် မလုပ်သင့်သလို၊ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြည်သူက ကိုးစားလာအောင် တင်ပြဖို့ တာဝန်ရှိနေပါတယ်ဆိုတာနဲ့ လက်ရှိအရှိပကတိနဲ့ မကင်းကွာတဲ့ ပြည်သူ မျှော်လင့်ချက်ကို ဖြစ်ထွန်းစေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ချင်းပြည်နယ်ကတော့ နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက စစ်အာဏာရှင်ကို တူမီးသေနတ်တွေနဲ့ ရှေ့တန်းကနေ ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဒေသတခုဖြစ်ကာ ခုချိန်ထိတိုင် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတခု ဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး (Chin National Front) ရဲ့ ထုတ်ပြန်ချက်အရ အခုနှစ် ၂၀၂၃ ခုနှစ် မတ်မှဧပြီလအထိ ချင်းပြည်နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဥ်တွေနဲ့ ဗုံးအလုံး ၁၂၀ ကျော် ကြဲချခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ချင်းပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကာ ဘုရားကျောင်းတွေ၊ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013