

အမေရိကန်ပြည်ထောင်စု၊ ပင်ဆလ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖှီးယားမြို့ အနောက်တောင်ဘက် ကင်းင်ဆက်စ်ဇင်းအပိုင်းမှာ ဇူလိုင် ၃ ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ကလေး ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။
အသက် ၄၀ အရွယ်လောက်ရှိမယ့် အမျိုးသားတဦးကို ထူးခြားဖြစ်ရပ်မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဖီလာဒဲလ်ဖှီးယား ရဲမင်းကြီး ဒန်နီယယ်အောက်ထ်လောက ညနှောင်းပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သူဟာ သေဆုံးသူတွေနဲ့ ပတ်သက်ဆက်နွှယ်မှု တစုံတရာ မရှိကြောင်းလည်း ဆိုပါတယ်။ သံသယရှိသူရဲ့ သေနတ်တို တလက်နဲ့ ရိုင်ဖယ်သေနတ်တလက် အပါအဝင် အခင်းဖြစ်ပွားရာ နေရာမှ သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူဆီမှာ ကျည်ကာအင်္ကျီ တထည်နဲ့ ရဲတပ်ဖွဲ့သုံး ရေဒီယိုစကားပြောစက်တခု ပါရှိပါတယ်။
ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒုတိယလူ တယောက်ကိုလည်း ဖမ်းဆီးထားပြီး အဲဒီလူဟာ သေနတ်သမားနဲ့ ဆက်စပ်မှု ရှိ၊ မရှိ မသိရသေးပေမယ့် သေနတ်သမားကို ပြန်ပစ်ခတ်ခဲ့တယ်လို့ ရဲတွေက ယူဆထားပါတယ်။
သေဆုံးသူ ၃ ဦးဟာ အသက် ၂၀ မှ ၅၉ နှစ်ကြား အမျိုးသားတွေဖြစ်ပြီး ၄ ယောက်မြောက် အမျိုးသားမှာ အသက် ၁၆ နှစ်မှ ၂၁ နှစ်ကြားလို့ ယူဆရကြောင်းနဲ့ ဒဏ်ရာရ ကလေး ၂ ဦးမှာ အသက် ၂ နှစ်နဲ့ ၁၃ နှစ်ကြားဖြစ်ကြောင်း၊ သူတို့ဟာ တည်ငြိမ်တဲ့အခြေအနေမှာ ရှိနေကြောင်း ရဲမင်းကြီးက ပြောပါတယ်။
Source-Reuters










