
မြန်မာတနိုင်ငံလုံး နွေစပါးစိုက်ဧက တသန်းအထိတိုးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က သတ်မှတ်ထားပေမဲ့ လတ်တလော လယ်သမားတွေ စက်သုံးဆီမရလို့ စပါးမရိတ်သိမ်းနိုင်ဘဲ စပါးတွေ လေလွင့်ဆုံးရှုံးလာတဲ့အပေါ်မှာ စစ်ကောင်စီက အရေးတယူ လုပ်ဆောင်ပေးနိုင်တာ မရှိသေးပါဘူး။
တနိုင်ငံလုံး နွေစပါးစိုက်ဧက ၂ သန်းကနေ ၃ သန်းအထိတိုးဖို့ ပြီးခဲ့တဲ့ ၂၀၂၄ နွေစပါးရာသီကတည်းက အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့် စက်သုံးဆီ အကျပ်အတည်း ဖြစ်နေချိန်ဟာ နွေစပါးရိတ်သိမ်းချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
လတ်တလော စက်သုံးဆီ မရတဲ့အတွက် တနိုင်ငံလုံးက နွေစပါးတောင်သူတွေ အခက်အခဲ ဖြစ်နေကြပြီး ရိတ်ချိန်ကျော်လာပြီဖြစ်လို့ စပါးအလေအလွင့် အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင် စပါးစိုက်လယ်သမားတယောက်က “လယ်သမားတွေ လယ်ထွန်ချိန်ကလည်း ဆီမရှိလို့ အခက်အခဲကြုံရတယ်။ လယ်ထွန်ချိန်က ဝယ်လို့လွယ်သေးတယ်။ အခုချိန်ကမှ ရေတက်ချိန်ကျတော့လည်း အခက်အခဲတွေ အများကြီးရှိတယ်။ ဆီမှ မရတာကိုး။ လေးသောင်းခွဲ ငါးသောင်းကျတော့လည်း ဝယ်ရေးက မလွယ်ဘူး၊ ခက်တယ်။ ဝယ်ရေး မလွယ်တော့ ရေတွေအကုန်ရော။ အဲလို အမျိုးမျိုးတွေ ဖြစ်တာပေါ့။ ရိတ်ချိန်ကျပြန်တော့လည်း ကျွမ်းပြာပြီး ကုပ်တွေကျိုးလို့။ အဲဒီလယ်တွေကို ရတဲ့ဆီနဲ့ ဝယ်ရိတ်ရပြန်တော့လည်း လိုက်ရိတ်တဲ့အခါမှာ ကြွေတာများတယ်။ အလေအလွင့်များတာပေါ့နော်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ မိုးစပါးပေါ်ချိန်ကစလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်ဈေး စပါးဈေးတွေကို ကန့်သတ်လိုက်ပြီးတဲ့နောက် ၂၀၂၂ နွေစပါးပေါ်ချိန်ကစ ဈေးတက်ခဲ့တဲ့ စပါးဈေးတွေဟာ ဆက်တိုက် ကျဆင်းခဲ့ပါတယ်။
လက်ရှိအချိန်မှာ လယ်တဧကကို ကျပ် ၁၀ သိန်းလောက် ရင်းနှီးလာရပြီး အထွက်နှုန်းကောင်းတဲ့ မျိုးတွေကိုပဲ ရွေးစိုက်လာကြပေမဲ့ စပါးအောင်ဖို့ ရေလိုချိန်မှာလည်း ဆီမရှိလို့ နွေစပါး ရေမတင်ခဲ့ရလို့ အစေ့အဆန် အောင်မြင်မှု နည်းပါးခဲ့ပါတယ်။
အခုလို ရိတ်သိမ်းချိန်မှာလည်း စက်သုံးဆီမရလို့ အချိန်ခါမီ မရိတ်သိမ်းရဘဲ ၁၅ ရက်အထိ နောက်ကျလာပြီး အမှည့်လွန်လာတဲ့ တတောင်သာသာစပါးခင်းက ပက်ကြားအက်ထဲ ကြွေကျလာတော့မှာ ဖြစ်ပါတယ်။
တောင်သူတယောက်က “အဓိကကတော့ ရေငတ်တဲ့အပိုင်းပါတာပေါ့။ ရေရတဲ့ နေရာကျတော့ အရပ်ရှည်တော့ ရေမရတဲ့ နေရာကျတော့ အဲလိုပေါ့။ အောင်ရေကို ပထမ ကျနော်တို့ သွားပြောတယ်၊ မရောင်းပေးဘူး။ မြို့နယ်က ထွေအုပ်တောင်မှ လက်မှတ်ထိုးပေးသေးတယ်။ ဒါမဲ့ ဆီဆိုင်က ဘယ်လိုမှ မရောင်းပေးဘူး။ ထွေအုပ်လက်မှတ်ထိုးပေးသေးတယ်။ အဲဒါ ပထမတချီ။ ထွေအုပ်လည်း သူပြောတာ မထိုးပေးလို့ ထွေအုပ်လည်း စိတ်တွေတိုနေတယ်” လို့ ပြောပါတယ်။
လတ်တလော စက်သုံးဆီမရတဲ့အတွက် လက်နဲ့ရိတ်ဖို့ကလည်း နေ့စားတယောက်ကို ကျပ် ၂၅,၀၀၀ ပေါက်ဈေးရှိပြီး လယ် ၁၀ ဧကကို နေ့စား ၁၂ ယောက်ရဖို့ မလွယ်ကူတဲ့ အခြေနေမှာ ရှိနေပါတယ်။
ဒါ့အပြင် စက်ရိတ်ခတွေလည်း ရိတ်ခြွေစက်တစီးကို လယ်တဧက ရိတ်ဖို့အတွက် ဆီ ၃ ဂါလန်နဲ့ ရိတ်ခြွေခ ၁၁,၀၀၀ ထိ တောင်းလာကြတာကြောင့် အခက်အခဲအမျိုးမျိုးကြားက စိုက်ပျိုးထားတဲ့ စပါးခင်းတွေ လက်လွှတ်ရတော့မဲ့အရေး ကြုံနေကြရပါတယ်။
နွေစပါးသိမ်းချိန်မှာ ဖြစ်ပေါ်လာမဲ့ စက်သုံးဆီအကျပ်အတည်းအတွက် နွေစပါးစိုက်ဧက ထက်ဝက်အထိ တိုးမြှင့်ဖို့ လျာထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်လည်း တစုံတရာ စီမံနိုင်တာ မရှိသေးပါဘူး။
ဒါ့အပြင် ဆန်စပါးရေးရာကိစ္စတွေအတွက် ဖွဲ့စည်းထားတဲ့ ဆန်စပါးအသင်းချုပ်မှာလည်း တောင်သူတွေအတွက် သက်ရောက်မှုကြီးမားတဲ့ ဆန်စပါးဈေးကို ကန့်သတ်ကြောင်း စာထုတ်နိုင်ပေမဲ့ တောင်သူ စပါးမရိတ်နိုင်တဲ့ ကိစ္စမှာတော့ တစုံတရာ ဆောင်ရွက်ပေးနိုင်တာ မရှိသေးပါဘူး။










