DVB Logo
Home
Lead Story
၅ နိုင်ငံ ထင်ရာစိုင်းသည့် ကုလသမဂ္ဂ စနစ်ပြောင်းရန် တူရကီနှင့် ဂျပန် တောင်းဆို
DVB
·
September 23, 2026
Photo: UNTV
Photo: UNTV
Donate to DVB

ကုလသမဂ္ဂဟာ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ တာဝန်မကျေနိုင်တော့ဘူးလို့ တူရကီသမ္မတ ရီဆက်ပ်တေယစ်အာဒိုဂန်က ဝေဖန်ပြီး ၅ နိုင်ငံတည်း စိတ်ကူးပေါက်ရာလုပ်နိုင်တဲ့ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ စက်တင်ဘာ ၂၂ ရက် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ တူရကီသမ္မတ အာဒိုဂန်က တောင်းဆိုခဲ့ပါတယ်။

“နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ ဆန္ဒထက် ၅ နိုင်ငံ စိတ်ကူးပေါက်ရာ လုပ်လို့ရနေတဲ့ စနစ်တခုဟာ ဘယ်လိုမှ မမျှတသလို ယုံကြည်မှု အပြည့်အဝ မတည်ဆောက်နိုင်ဘူးဆိုတာ လက်ခံလိုက်ကြပါတော့” လို့ တူရကီသမ္မတက တိုက်တွန်းခဲ့ပါတယ်။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်တို့ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဂါဇာကိုလည်း “ဒီခေတ်ရဲ့ လူမဆန်ဆုံးနဲ့ အရှက်ရစရာအကောင်းဆုံး အကျဉ်းစခန်း” လို့ အာဒိုဂန်က ခေါ်ဝေါ်ခဲ့ပါတယ်။

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် ညီလာခံကို လူကိုယ်တိုင် ၂ နှစ်ဆက် တက်ရောက်ခွင့် မရတာဟာ မတရားမှုလို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်မပြုသေးတဲ့ နိုင်ငံတွေကို သူတို့ရဲ့ ရပ်တည်ချက် ပြန်သုံးသပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဂါဇာစစ်ပွဲ အဆုံးသတ်ဖို့ အစ္စရေးအပေါ် ဖိအားတိုးပေးကြဖို့လည်း နိုင်ငံအားလုံးကို တောင်းဆိုခဲ့ပါတယ်။

NATO အဖွဲ့ဝင် တူရကီက အစ္စရေးရဲ့ ဂါဇာတိုက်ခိုက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ စွပ်စွဲထားပါတယ်။ အစ္စရေးကတော့ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ကလည်း စက်တင်ဘာ ၂၂ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပြီး လုံခြုံရေးကောင်စီကို အမြန်ဆုံး ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုလိုက်ပါတယ်။

လက်ရှိမှာ နိုင်ငံတကာ စည်းစနစ်ကြီးဟာ မတည်ငြိမ်မှုတွေ အလွန်များပြားတဲ့ ကာလကို ဖြတ်သန်းနေရပြီး ဥပဒေစိုးမိုးမှုအပေါ် အခြေခံထားတဲ့ လွတ်လပ်ပြီး ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာ စည်းစနစ်ကြီးကလည်း ဘက်ပေါင်းစုံကနေ ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ တာဝန်ရှိတဲ့ လုံခြုံရေးကောင်စီရဲ့ ပုံစံဟာ ၁၉၄၅ ခုနှစ်က အခြေအနေကိုသာ ရောင်ပြန်ဟပ်နေတာဖြစ်လို့ ဒီနေ့ခေတ် လက်တွေ့အရှိတရားနဲ့ ကိုက်ညီအောင် အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ရုရှားနိုင်ငံဟာ တခြားနိုင်ငံတခုအပေါ် ကျူးကျော်မှု စတင်ခဲ့ပြီး ကိုယ့်ရဲ့လုပ်ရပ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကိုပါ ဗီတိုအာဏာသုံး ပယ်ချနေတာကြောင့် ဒီအဖွဲ့အစည်းဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် လုံးဝ အလုပ်မလုပ်တော့ဘူးလို့လည်း ပြတ်ပြတ်သားသား ဝေဖန်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေချိန်အတွင်း စွမ်းအင်လုံခြုံရေးနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေကို ကြံ့ကြံ့ခံနိုင်အောင် မြှင့်တင်ဖို့ ဂျပန်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း သူက အလေးပေး ပြောကြားခဲ့ပါတယ်။

အခုလို ပြောဆိုချက်တွေဟာ ကြီးထွားလာနေတဲ့ နိုင်ငံတကာ လုံခြုံရေးနဲ့ စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ဂျပန်နိုင်ငံအနေနဲ့ အခန်းကဏ္ဍတခုကနေ ပိုပြီး ပါဝင်ဆောင်ရွက်ဖို့ ကြိုးပမ်းနေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013