DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် ဆားလင်းကြီးပြည်သူအချို့ ဒဏ်ရာရ၊ ဝက်လက်ကို စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေ
DVB
·
July 4, 2023
လက်နက်ကြီးကြောင့် ဆားလင်းကြီးပြည်သူအချို့ ဒဏ်ရာရ၊ ဝက်လက်ကို စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်တွင်းမြစ်ကမ်းဘေးက ကျေးရွာတွေကို  ဇူလိုင် ၃ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံအရပ်သားပြည်သူ ၃ ဦး ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျည်ထိမှန်တဲ့ အရပ်သားပြည်သူ ၃ ဦးဟာ လက်ပံတောင်းကျေးရွာကဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် မိန်ကလေးငယ်တဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“မုံရွာဘက်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အောက်ဘက် ပေါင်း၀ရွာစီကို လူစီးစက်လှေနဲ့ စုန်ဆင်းတာလာတယ်ဗျ။ အဲလိုစုန်ဆင်းလာတာကိုသိလို့ မြစ်ကမ်းဘေးက ရွာကလူတွေက ရွာအပြင်လွတ်ရာကို ရှောင်ရှားတာတွေ လုပ်ရတယ်။ အဲဒီစုန်ဆင်းလာတုန်းကလည်း လက်နက်ကြီး၊ လက်နက်လေးတွေနဲ့ မတရားအဆက်မပြတ် ပစ်ခတ်တာတွေလုပ်တယ်ဗျ။ အဲ လိုနဲ့ ပေါင်းဝရွာရောက်တော့  ပေါင်းဝရွာဆိပ်ကမ်းကိုကပ်ပြီး ရွာထဲကပြည်သူတွေရဲ့ ပစ္စည်းတွေကို စက်လှေပေါ်တင်ပြီးယူတယ်။ အဲလိုပစ္စည်းတွေ စက်လှေပေါ်တင်ပြီး အမြင့်ရွာဆိပ်ကမ်းဘက် စက်လှေပြောင်းကပ်တယ်။ အမြင့်ဆိပ်ကမ်းကပ်ပြီးလို ကျနော်တို့ပြည်သူတွေက အထက်ကို ဆန်မတက်တော့ဘူး၊ အဲဒီရွာမှာစခန်းချမယ်လို့ ထင်ပြီး ရှောင်နေတဲ့နေရာကနေ ကိုယ့်ရွာတွေထဲကို ပြန်ဝင်နေကြတယ်။ ညပိုင်း ၇ နာရီခွဲ၊ ၈နာရီလောက်ရောက်တော့ အမြင့်ဆိပ်ကမ်းကနေ လက်နက်ကြီးတွေ ပစ်ခတ်ပြီး မုံရွာဆိပ်ကမ်းဆီကို ပြန်ဆန်တက်လာတယ်။ အဲဒီလိုတက်လာရင်း ပစ်ခတ်လို့ လက်ပံတောင်းရွာက အသက် ၁၀ နှစ်အရွယ်ကလေးကတော့ နဖူးကျည်အပိုင်းအစ ထိမှန်တယ်။ နောက် အသက် ၄၅ နှ စ်အရွယ် အမျိုးသမီးတဦးကတော့ လက်ကို ကျည်စထိမှန်တယ်။ နောက်တစ်ယောက်ကတော့ လည်ပင်း၊ ရင်ဘတ်တွေ ကျည်စထိမှန်ခဲ့တာတွေ ရှိခဲ့တယ်ဗျ။ သုံးဦးစလုံးကိုတော့ ပြည်သူကာကွယ်ရေးအဖွဲ့တွေက ဆေးကုသမှု ပြုလုပ်ပေးလို့ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူး” လို့ ဆာလင်းကြီးဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ လက်ပံတောင်း၊ ရွာသစ်ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ နတ်ကျွန်း၊ နတ်ဆက်၊ ခံကုန်း စတဲ့ကျေးရွာတွေက နေအိမ်တွေ ပျက်စီးခဲ့ရပြီး လက်နက်ကြီးကျည် တိုက်ရိုက်ကျရောက်ခဲ့တဲ့ နေအိမ် ၁၅ လုံးကတော့ ပျက်စီးဆုံးရှုံးမှု ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုလည်း ဇူလိုင် ၃ ရက် မနက် ၆ နာရီကနေ စတင်ကာ စစ်ကောင်စီဘက်က စစ်ကြောင်း စထိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံထောင်နဲ့ချီဟာ စစ်ကြောင်းရှောင်နေရပြီး ဒေသတွင်း ရာသီဥတုက မိုးရာသီဖြစ်တာကြောင့် ဆိုးဝါလှတဲ့ ရာသီဥတုဒဏ် ခံနေကြရတယ်လို့ ဆိုပါတယ်။ 

ဧရာဝတီမြစ်ကမ်းဘေးက ပြည်သူအများစု စစ်ဘေးရှောင်နေကြရပြီး လက်ရှိအချိန်မှာ ဧရာဝတီ မြစ်ရေတက်ချိန်ဖြစ်တာကြောင့် သွားလာရေး အခက်အခဲကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင်းက အခု ၂ ကြောင်းဖြစ်သွားပြီဗျ။ ဇူလိုင် ၃ ရက်နေ့က စစ်ကောင်စီဘက်က တကြောင်းစထွက်တယ်။ အဲဒီစစ်ကြောင်းက ကျောက်မြောင်းကနေ ဧရာဝတီမြစ်အတိုင်း ရှိမ္မကားရွာဆီကို စုန်ဆင်းလာတယ်။ အဲဒီစစ်ကြောင်းက အင်အား ၈၀ ကျော်ပါတယ်။ အခု ဒီနေ့မနက် (ဇူလိုင် ၃ ရက်) ၆ နာရီမှာလည်း ကျောက်မြောင်းကနေ ရွာသာရွာနဲ့ မင်းရွာတောင်ရွာကြားကနေ အင်အား ၂၀၀ နဲ့ဖြတ်ထိုးလာတယ်။ ဒေသခံတွေကတော့ အရေးပေါ် နေရပ်စွန့်ခွာတာတွေလုပ်နေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန်ပစ်ခတ်တိုက်ပွဲတွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

“စစ်ကြောင်းကထိုးပြီး အသာတကြည်ပြန်သွားရင် ဘာမှ တိုက်ပွဲဖြစ်စရာအကြောင်းမရှိဘူးလေ။ အခုဟာက PDFကို ခုတုံးလုပ်ပြီး ကျေးရွာတွေထဲက ပြည်သူပစ္စည်းတွေ သယ်ယူတာတွေ လုပ်တယ်။ နောက်ပြီး ရွာတွေကို မီးရှို့တယ်။ အဲလိုလုပ်လို့ ကျနော်တို့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေရတာပါဗျ။ ဒီနေ့မနက်ခင်း ၆ နာရီလောက်မှာလည်း ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်သေးတယ်ဗျ။ အထိအခိုက်ကတော့ မသိရဘူး။ ပစ်တာကတော့ သူတို့တက်တဲ့ လမ်းကြောင်းတိုင်းကို မိုင်းတွေထောင်ပြီး မိုင်းဆွဲတာတွေ လုပ်သလို လက်နက်ကြီးနဲ့ အဝေးကနေ ပစ်ခတ်တာတွေ လုပ်တယ်။ ကိုယ်ဘက်ကတော့ အခုအချိန်အထိ ထိခိုက်ကျဆုံး မရှိသေးဘူး” လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်းအခြေစိုက် ဗိုလ်ကျားကြီးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ ဝက်လက်မြို့နယ်ဗိုလ်ကျားကြီးအဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013