
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် မနက် ၃ နာရီခွဲလောက်က ဝင်ရောက်သတ်ဖြတ်ထားတဲ့ ပြည်သူ ၄ ဦးနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော် ၁ ဦးရဲ့ အလောင်းတွေကို ဒီနေ့မနက် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဒေသခံရွာသား ၄ ဦးနဲ့ PDF ရဲဘော် ၁ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဟာ ဇွန် ၂၈ ရက်နေ့က အုတ်ဖိုနဲ့ စဥ့်ကိုင် ကျေးရွာတွေဘက်ကို ဧရာဝတီ မြစ်ကြောင်းကနေ သံခွန်မော်တော် ၂ စီးနဲ့ မြစ်ကြောင်းကနေ ဝင်ရောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ရွာအဝင်မှာတော့ (-) တွေနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့ တိုက်ပွဲတော့ ဖြစ်ကြသေးတယ်ဗျ။ ဒီ ကောင်တွေက ပြီးခဲ့တဲ့ လပိုင်းနဲ့ အခု ဇူလိုင်လတွေမှာ တော်လှန်ရေးစခန်းတွေကို အပိုင်တိုက်ခိုက်လာတယ်။ ဒလန်ဆိုတာထက် တော်လှန်ရေးအဖွဲထဲမှာကို သူလျှိုရောက်နေပြီ။ ဘာလို့ အဲလိုပြောနိုင်တာလဲဆိုတော့ စစ်ကောင်စီတပ်က စခန်းတွေကို ဘာဒလန်မှမပါဘဲ တန်းတန်းမတ်မတ် စီးနင်းနေတာကို ကြည့်ခြင်းအားဖြင့် သိရနိုင်တယ်ဗျ။ စကစဘက်က အခုလပိုင်းမှာ တိုက်ပွဲဖော်ဆောင်တဲ့နေရာမှာ ပိုင်မှ တိုက်ခိုက်တာကို တွေ့နေရတယ်။ အခုလည်း သူတို့သတ်ထားခဲ့တဲ့ အလောင်းတွေ ဒီနေ့မနက်ခင်း ရှင်းလင်းရေးလုပ်တော့ တွေ့ခဲ့ရတယ်ဗျ။ သေတဲ့အထဲက ပြည်သူ ၄ ဦးပါတယ်။ နောက်ပြီး PDF တဦးလည်း ပါတယ်ဗျ” လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကာင်စီကတော့ အခုလို ပြည်သူ ၄ ဦးနဲ့ ရဲဘော် ၁ ဦးကို သတ်ဖြတ်ထားခဲ့ပြီး ရွာကိုလည်း မီးရှို့ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယိ။
ရွာသားတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ ဇူလိုင် ၃ ရက်နေ့မှာ ပဒူရွာဘက် ရောက်နေပြီလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီ နောက်တကြော့ပြန် ပြန်လာမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံရွာသားအများစုက နေရပ်ပြန်မလာရဲသေးဘဲ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်က ရွာကို မီးရှို့ခဲ့ပေမဲ့ ရွာသားတွေ ရွာထဲ ပြန်မဝင်ရဲသေးတာကြောင့် အိမ်ခြေ ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။










