

ဂျပန်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ဇူလိုင် ၁ ရက်က စံချိန်တင်မိုးရွာသွန်းမှုကြောင့် မြို့ငယ်တချို့မှာ ရေလွှမ်းမိုးခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၂ ဦး ပျောက်ဆုံးနေတယ်လို့ ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ရုပ်သံမှတ်တမ်းထဲမှာ မိုးအကြီးအကျယ် ရွာသွန်းခဲ့ပြီးနောက် ယာမာဂူချီ (Yamaguchi) စီရင်စုထဲက ဆန်ယို အိုနိုဒါ (Sanyo Onoda) မြို့မှာ အဆာ(Asa) မြစ်ရေလျှံမှု အပါအဝင် ရေကြီးနေတဲ့လမ်းတွေနဲ့ တစိတ်တပိုင်း နစ်မြှုပ်နေတဲ့ နေအိမ်တွေကိုပါ တွေ့ရပါတယ်။
အဲ့ဒီဒေသအတွင်း ရေစီးနဲ့အတူမျောပါသွားတဲ့ ကားတစီးပေါ်ရှိ အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဂျပန်မီဒီယာတွေမှာ သတင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ မိုးလေဝသဆိုင်ရာ အေဂျင်စီက ပြီးခဲ့တဲ့စနေနေ့အတွင်း ယာမာဂူချီ စီရင်စုနဲ့ မြောက်ပိုင်း ကျူရှူ (Kyushu) ဒေသရှိ နေရာအများအပြားမှာ စံချိန်တင်တဲ့အထိ မိုးရွာသွန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယာမာဂူချီမြို့မှာ မိုးရေချိန် ၂၈၉ မီလီမီတာအထိ များပြားခဲ့ပြီး အွိုင်တာ (Oita) စီရင်စုရဲ့ ကူမီနီ (Kunimi) မြို့ငယ်လေးမှာ မိုးရေချိန် ၂၄၉ ဒသမ ၅ မီလီမီတာ အထိ ရှိတယ်လို့ သိရပါတယ်။ ဒီမိုးရေချိန် ၂ ခုစလုံးဟာ စာရင်းကိန်းဂဏန်းတွေ စတင်ခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးပမာဏ ဖြစ်ပါတယ်။
Source-Reuters










