DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ကလိန်အောင်-ကံပေါက်လမ်း အဝင်အထွက်ပိတ်
DVB
·
July 3, 2023
တနင်္သာရီတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ကလိန်အောင်-ကံပေါက်လမ်း အဝင်အထွက်ပိတ်
Donate to DVB

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို‌ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇူလိုင် ၂ ရက် နေ့လယ် ၂ နာရီလောက်မှာ တနင်္သာရီအခြေစိုက် ၅၆၁ တပ်ရင်းက သိန္ဓောကျေးရွာ ၁၀၁ တပ်ရင်းကို ခြေလျင်စစ်ကြောင်းထိုး ချီတက်လာတဲ့ အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ကို တောင်ဘိန်းကျေးရွာနဲ့ ကျွဲထိန်းကုန်း‌ကျေးရွာကြားမှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က တပ်သား ၃ ဦး ထိခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ ၅၆၁ တပ်ရင်းကနေ ကျွဲထိန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ဘက်က လက်နက်အကြီးတွေနဲ့ ပြန်ပစ်တာ။ လက်နက်အရွယ်အစားက ကြီးတယ်။ ကျွဲထိန်းကုန်းရွာဘက်ကို ပစ်တာပါ။ ဒီရွာမှာက လူမရှိတော့ဘူး” လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လက ဖြစ်ပွားခဲ့တဲ့ ၅ ရက်တာ တိုက်ပွဲပြီး‌တဲ့နောက်ပိုင်း စစ်ကောင်စီဘက်က စစ်လက်နက်နဲ့ အင်အားတွေ ဖြည့်တင်းလာပြီး ကျေးရွာတွေအပေါ် လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်လာတယ်လို့လည်း ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို မြိတ်ခရိုင်တပ်ရင်း-၂ နဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘန်းလမွတ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နေအိမ် ၂ လုံးကို မီးရှို့ခဲ့ကာ လက်နက်ကြီးတွေနဲ့ ရွာထဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသနဲ့ ကလိန်အောင်မြို့အကြား ဆက်သွယ်ထားတဲ့ ကလိန်အောင်-ကံပေါက် လမ်းပိုင်းကို ဇူလိုင် ၃ ရက် မနက်အစောပိုင်းကတည်းက စစ်တပ်က လုံခြုံရေးယူထားပြီး အသုံးပြုခွင့်ပိတ်ထားကြောင်း ဒေသခံရွာသားတွေဆီက သိရပါတယ်။

လမ်းပိုင်းရှိ ဂန့်ဂေါ်တောင်ကျေးရွာမှာ ၃ နေရာနဲ့ ကလိန်အောင်လမ်းဆုံအနီး ၁ နေရာ၊ စုစုပေါင်း ၄ နေရာမှာ မောရဝတီရေတပ်က စစ်သားတွေနဲ့ ရဲတွေက နေရာခွဲပြီး လမ်းပိတ်ဆို့ထားတာပါ။

ကံပေါက်ရွာမှ ယာဉ်မောင်းတဦးက “ကားတွေ အကုန်ပြန်လှည့်ခိုင်းနေတယ်။ အထွက်လည်းမရဘူး၊ အဝင်လည်းမရဘူး။ စစ်သားရော ရဲရော အကုန်ပါတယ် ဒီတခါ။ အရင်က စစ်ရင် ရေတပ်က စစ်သားနဲ့ ၂၇၃ က စစ်သားလောက်ပဲ ပါတယ်” လို့ ပြောပါတယ်။

မနေ့ညက မောရဝတီရေတပ်က စစ်သားတွေ ထပ်ထွက်ပြေးသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ ရေတပ်စစ်သား အရေအတွက်နဲ့ အသေးစိတ်အချက်အလက်ကို အတည်ပြုနေဆဲဖြစ်ပြီး ဇူလိုင် ၃ ရက် မနက် ၇ နာရီလောက်က စစ်သားတွေလိုက်ပါလာတဲ့ စစ်ကား ၂ စီးနဲ့ ကားအလွတ် ၄ စီး၊ စုစုပေါင်း ၆ စီး ကလိန်အောင်-ကံပေါက်လမ်းပိုင်းကို ဖြတ်သွားတယ်လို့ လမ်းပိုင်းရှိ မျက်မြင်တွေ့ရှိခဲ့ရသူ ဒေသခံတဦးက ပြောပါတယ်။

ဇွန် ၂၇ ရက်ကလည်း မောရဝတီရေတပ်က စစ်သား ၁၂ ဦး ကင်းတာဝန်ကျနေစဉ် စစ်တပ်ကားကို လမ်းမှာထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ကံပေါက်တိုက်နယ် အောက်ဘက်က ကျေးရွာတွေမှာ ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။

ဇွန် ၂၈ နဲ့ ၂၉ ရက်တွေမှာ ကံပေါက်ရွာပတ်လမ်းကို ပိတ်ဆို့ခဲ့ပြီး ဇူလိုင် ၁ ရက်နဲ့ ၂ ရက်တွေမှာတော့ လမ်းပိတ်ဆို့စစ်ဆေးမှု မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။

ရေတပ်နဲ့နီးစပ်သူတဦးက “ရေတပ်မှာ အပြင်ထွက်ခွင့် ရထားသူတွေတောင် ညနေ ၆ နာရီ နောက်ဆုံးထား အပြင်ထွက်ဖို့ သတိပေးထားတယ်” လို့ ပြောပါတယ်။

ကလိန်အောင်-ကံပေါက်လမ်းပိုင်းဟာ ရေး-ထားဝယ် ကားလမ်းဘေးက ခွဲဝင်ရပြီး ၉ မိုင်နဲ့ ၆ ဖာလုံ အကွာအဝေးရှိပါတယ်။

ကံပေါက်ဒေသမှာ အမှတ် ၂၇၃ စစ်ကောင်စီခြေလျှင်တပ်ရင်းနဲ့ မောရဝတီ ရေတပ်စခန်းဌာနချုပ်တို့ တည်ရှိပြီး ဇွန်လနောက်ဆုံးအပတ်နဲ့ ဇူလိုင်လဆန်းမှာ မောရဝတီရေတပ်ကနေ တပ်ကိုစွန့်ခွာလာသူတွေ ဆက်တိုက်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013