DVB Logo
Home
မြန်မာသတင်း
ဘုတလင်စစ်ဆေးရေးဂိတ်နှင့်စစ်ကိုင်းလဝကရုံး တိုက်ခိုက်ခံရ၊ မော်လိုက်တွင် စစ်တပ်က ပေါ်တာ ဆွဲ
DVB
·
July 3, 2023
ဘုတလင်စစ်ဆေးရေးဂိတ်နှင့်စစ်ကိုင်းလဝကရုံး တိုက်ခိုက်ခံရ၊ မော်လိုက်တွင် စစ်တပ်က ပေါ်တာ ဆွဲ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဘုတလင်အဖွဲ့ပေါင်းစုံ PDF ညီနောင်များအဖွဲ့က ဇူလိုင် ၃ ရက် မနက် ၄ နာရီ ၅၀ မိနစ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အဆိုပါဂိတ်ဟာ ဘုတလင်-မုံရွာသွား ကားလမ်းက ခရီးသွားကားတွေကို စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီဂိတ်တခုဖြစ်တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တဦးက “ကျနော်တို့ မြို့နယ်ပကဖနဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ တိုက်နိုင်ခဲ့တဲ့ပွဲလို့လည်း ပြောလို့ရတယ်။ တိုက်ပွဲကြာချိန်က ၁၀ မိနစ် သတ်မှတ်ပြီး တိုက်ခဲ့တာဗျ။ တိုက်ပွဲမှာ စကစဘက်က ၃ ကောင်ကျတယ်။ လက်နက်တွေ ကျနော်တို့အဖွဲ့ဘက်က သိမ်းနိုင်ခဲ့တာတွေ ရှိခဲ့တယ်ဗျ။ လတ်တလော သိရတာက G-3 သေနတ် ၂ လက်နဲ့ 40MM လောင်ချာ ၁ လက် ရခဲ့တယ်လို့ သိထားရတယ်။ လက်နက်ရတဲ့ အရေအတွက် အတိအကျက ဘာလို့မပြောနိုင်တာလဲဆိုတော့ တိုက်ပွဲမှာက အဖွဲ့က များတယ်လေ။ ရသူယူကြတာ‌ဆိုတော့ အဲဒါကြောင့် အတိအကျ မသိရသေးတာ။ ကိုယ်ဘက်ကတော့ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ဂိတ်က သေဆုံးနေတဲ့ အလောင်းတွေကို သယ်ယူနေပြီး ခရီးသွားကားတွေကို ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဇူလိုင် ၁ ရက်နေ့ ည ၇ နာရီကျော်လောက်ကလည်း စစ်ကိုင်းမြိုနယ်၊ စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ လဝက လူဝင်မှု ကြီးကြပ်ရေးရုံးကို ပေါက်ကွဲအားပြင်းထန်တဲ့ မိုင်းနဲ့‌ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ People's Army To Fight Dictatorship အဖွဲ့က ပြောပါတယ်။

"ည ၇ နာရီ ၂၇ မိနစ်အချိန် စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ထဲက မြို့နယ် လဝကရုံးနဲ့ ရုံးစောင့် စစ်သားတွေကို PAFD တပ်ဖွဲ့ဝင်တွေက ပြင်းအားကောင်းတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတာ" လို့ တော်လှန်ရေးရဲဘော်တဦးက DVB ကိုပြောပါတယ်။

ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ နေရာအနီးမှာ စစ်ကောင်စီလက်အောက်ခံ လဝကရုံး၊ စရဖရုံး၊ အခွန်ရုံး၊ အာမခံရုံး၊ စာရင်းစစ်ရုံး၊ တိုင်းရင်းဆေး ဌာနဆိုင်ရာရုံးတွေ တည်ရှိတဲ့ နေရာဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကိုင်းမြို့အခြေစိုက် တပ်မ-၃၃၊ ခမရ-၁၃ တို့က သေနတ်တွေနဲ့ ပစ်ဖောက်ခြောက်လှန့်နေတဲ့အတွက် လမ်းသွားလမ်းလာတွေနဲ့ ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ အမျိုးသားတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ PDF တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ စစ်တပ်နဲ့ ပျူစောထီးတပ်စွဲထားတဲ့ စခန်း ၁ ခုကို PDF က သိမ်းပြီးနောက် စစ်သည်အင်အားဖြည့်တင်းနေပြီး ဇူလိုင် ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်ကစပြီး မြို့ခံပြည်သူတွေကို စစ်တပ်က ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မော်လိုက်မြို့ပေါ် ရပ်ကွက်တွေထဲကို ဒီနေ့ ည ၇ နာရီခွဲလောက်က ပေါ်တာ စဆွဲနေတာ မော်လိုက်မြို့နယ်ထဲက ရွာတွေ လေကြောင်းရန် အထူးဂရုစိုကေပြီး သတိနဲ့နေကြပါ" လို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

ဇူလိုင် ၂ ရက် ညနေက ကလေးမြို့ဘက်က‌နေ စစ်သည်အင်အား ၄၀ ထက်မနည်း ရဟတ်ယာဉ်နဲ့ ၂ ကြိမ် မော်လိုက်စစ်တပ်ထဲ လာရောက်ပို့ဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013