Home
ဆောင်းပါး
ကမ္ဘာမြေရဲ့ စိန်ခေါ်မှုများ (၆)
DVB
·
July 3, 2023

အနာဂတ်မျိုးဆက်များအတွက် အမွေ 

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးဆိုးတွေ ပိုမိုပေါ်ပေါက်လာနေပါပြီ။ ဒီဘေးဆိုးတွေဟာ ပိုမိုအားကောင်းလာလိမ့်မယ်လို့လည်း ပညာရှင်တွေက တညီတညွတ်တည်း ဟောကိန်းထုတ်နေပါတယ်။ လူ့ပယောဂကြောင့် ဖြစ်လာတဲ့ သဘာဝဘေးဆိုးတွေက လူသားမျိုးနွယ်ကို ပြန်လက်စားချေနေတာလို့လည်း တချို့က ပြောနေကြပါတယ်။

ဒီလို သဘာဝဘေးဆိုးတွေကြောင့် လူသားမျိုးနွယ် ပျက်သုဉ်းသွားလေမလား ဆိုပြီး စိုးရိမ်ပူပန်နေတဲ့သူတွေလည်း ရှိနေပါတယ်။ လူသားမျိုးနွယ် ပျက်သုဉ်းတဲ့အထိ ဖြစ်နိုင်ခြေ ရှိနေပြီလား ဆိုတာကို တွက်ချက်နေသူတွေလည်း မနည်းလှပါဘူး။ သဘာဝဘေးဆိုးတွေရဲ့ ဒဏ်ကို တိုက်ရိုက်ခံစားရပြီး မျိုးတုံးသွားလေမလား ဒါမှမဟုတ် သဘာဝဘေးဆိုးတွေက တဆင့် ဖြစ်ပွားလာတဲ့ အခြေအနေတွေကြောင့် သွယ်ဝိုက်ထိခိုက်ပြီး မျိုးတုံးသွားလေမလား ဆိုတာကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ အဖြေရှာကြည့်နေကြပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် လူသားတွေရဲ့ အနာဂတ်ဟာ ခက်ခဲကြမ်းတမ်းလိမ့်မယ်ဆိုတဲ့ အချက်ကိုတော့ အားလုံးသဘောတူကြပါတယ်။

လူသားမျိုးနွယ်ကို တိုက်ရိုက်မျိုးတုံးစေနိုင်မယ့် အချက်တွေကတော့ အပူချိန်မြင့်မားမှု၊ ပင်လယ်ရေပြင် မြင့်တက်မှုနဲ့ စိုက်ပျိုးရေးလုပ်ငန်း ပျက်စီးမှုတွေပဲ ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ လူသားတွေ မခံနိုင်တော့တဲ့ အပူချိန်ကို ရောက်ရင်ဖြစ်ဖြစ်၊ လူသားတွေ နေထိုင်လို့မရတော့တဲ့အထိ ပင်လယ်ရေပြင် မြင့်တက်လာရင်ဖြစ်ဖြစ်၊ လူသားတွေ စားသုံးဖို့အတွက် သီးနှံထုတ်လုပ်ရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုံးဝပျက်စီးသွားရင် ဖြစ်ဖြစ်၊ လူသားမျိုးနွယ်တွေရဲ့ အသက်ရှင်မှုဟာ ရပ်တန့်သွားရတော့မှာ ဖြစ်ပါတယ်။

လက်ရှိအနေအထားကို တွက်ချက်ကြည့်တဲ့အခါ ဖန်လှောင်အိမ် အကျိုးသက်ရောက်မှုကြောင့် အဆိုးဆုံး တိုးလာနိုင်တဲ့ အပူချိန်က ၁၃ ဒီဂရီစင်တီဂရိတ်ပါပဲလို့ ပညာရှင်တွေက အဖြေထုတ်ထားပါတယ်။ အဲဒီ အဆိုးဆုံးအပူချိန်ကို ရောက်သွားတဲ့ အခြေအနေမှာတောင်  လူသားမျိုးနွယ် တုံးသွားမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီအဆင့်ရောက်အောင် အပူချိန်တိုးဖို့ဆိုတာက မဖြစ်နိုင်ပါဘူးလို့ ဆိုကြပါတယ်။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကလည်း လူသားမျိုးနွယ်ကို တုံးအောင်လုပ်နိုင်တဲ့ အနေအထားအထိ မရောက်နိုင်ဘူးလို့ အဖြေထွက်ပါတယ်။ ကမ္ဘာ့ပူနွေးမှုဟာ အပူချိန် ၅ ဒီဂရီစင်တီဂရိတ်အထိ တိုးမြင့်သွားနိုင်တဲ့ ၂၁၀၀ ခုနှစ်မှာတောင်မှ အများဆုံး ၂ မီတာအထိပဲ မြင့်တက်လာနိုင်မှာပါ။ ၆ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်တိုးလာနိုင်မယ့် ၂၃၀၀ ခုနှစ်မှာ ဆိုရင်လည်း အများဆုံး ၁၅ မီတာအထိပဲ မြင့်တက်လာပါမယ်။ အဆိုးဆုံးအဆင့် ၁၃ ဒီဂရီ စင်တီဂရိတ်အထိ တိုးလာရင်တောင် မီတာ ၈၀ အထိ ပင်လယ်ရေပြင် မြင့်တက်လာနိုင်ပေမဲ့ မြေပြင်အားလုံးတော့ ရေအောက်ရောက်သွားဖို့ မရှိပါဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

အပူချိန်တိုးမြင့်လာတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပေမဲ့ အဆိုးဆုံးဆိုတဲ့ ၁၃ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်တိုးလာရင်တောင်မှ ဘာမှစိုက်ပျိုးလို့မရအောင် ထိခိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အစာရှားပါးမှုကြောင့် လူတွေ သန်းပေါင်းများစွာ သေကျေနိုင်ပေမဲ့ တယောက်မှ မကျန်တဲ့အထိတော့ မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်။ နည်းပညာအသစ်တွေနဲ့ စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးအောင် လုပ်လာကြမှာပါလို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် လူသားမျိုးနွယ် အသက်ရှင်လို့ မရတဲ့အထိ တိုက်ရိုက်ဆိုးကျိုး မဖြစ်နိုင်ပေမဲ့ သွယ်ဝိုက်ပြီးတော့ ဖြစ်နိုင်မလား ဆိုတာကိုလည်း ပညာရှင်တွေ တွက်ချက်ကြပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝဘေးဆိုးတွေ ထွက်ပေါ်လာတဲ့အခါ လူအချင်းချင်း ပဋိပက္ခဖြစ်တဲ့ အနေအထားရောက်လာပြီး လူသားမျိုးနွယ်တုံးတဲ့ စစ်ပွဲကြီးတွေ ဆက်ဖြစ်လာနိုင်တဲ့ အချက်ကို  အဖြေထုတ်ကြည့်ကြတာပါ။

ပင်လယ်ရေပြင် မြင့်တက်လာရင် လူနေဒေသတွေကို ရေလွှမ်းမိုးပြီး အရွှေ့အပြောင်း လုပ်ကြရမှာပါ။ ပင်လယ်ရေပြင် ၂ ပေလောက် မြင့်ရင်ပဲ လူ ၇၂ သန်း ရွှေ့ပြောင်းနေထိုင်ကြရလိမ့်မယ်လို့ အဖြေထွက်ပါတယ်။ အပူချိန် ၆ ဒီဂရီစင်တီဂရိတ် တိုးလာတဲ့အခါ ပင်လယ်ရေပြင်က ၂ မီတာအထိ မြင့်တက်လာပြီး ကမ္ဘာ့လူဦးရေရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်း နေရာရွှေ့ပြောင်းကြရမှာ ဖြစ်ပါတယ်။ လက်ရှိလူဦးရေနဲ့ တွက်ရင် သန်း ၂၀၀ ရှိပါမယ်။

အပူချိန်ပိုတိုးလာတာနဲ့အမျှ လူတွေရဲ့ အရွှေ့အပြောင်းတွေ များပြားလာပြီး စီးပွားရေးနဲ့ အုပ်ချုပ်ရေးကအစ ကျန်းမာရေးနဲ့ ပညာရေးအဆုံး ဝရုန်းသုန်းကား ဖြစ်လာပါမယ်။ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ တိုးပွားလာမယ်။ ဒါကြောင့် ပဋိပက္ခတွေဟာ ရှောင်လို့ရတော့မှာ မဟုတ်သလို အဲဒီကတဆင့် နိုင်ငံချင်းစစ်ပွဲ၊ ဒေသစစ်ပွဲနဲ့ ကမ္ဘာစစ်အထိ ဖြစ်လာနိုင်ပါတယ်။ နျူးကလီးယားစစ်ပွဲအထိ ဖြစ်လာရင် လူသားမျိုးနွယ် တုံးသွားနိုင်တယ်လို့ စိုးရိမ်သူတွေက စိုးရိမ်နေကြပါတယ်။

ပညာရှင်အများစုကတော့ မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေ ဖြစ်လာနိုင်ပေမဲ့ လူသားမျိုးနွယ်တုံးသွားတဲ့အထိ ကြီးမားတဲ့စစ်ပွဲတွေတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ခန့်မှန်းကြပါတယ်။ လူသား သန်း ၁,၀၀၀ အထိ သေဆုံးတဲ့ စစ်ပွဲမျိုးဆိုတာက ဖြစ်ဖို့ အလွန်ခဲယဉ်းလှပါတယ်။ ဒီလောက်အထိ သေကုန်ရင်တောင် လူသားဦးရေ အများကြီး ကျန်ဦးမှာပါလို့ ဆိုကြပါတယ်။ လက်ရှိလူဦးရေက သန်း ၈,၀၀၀ ရှိနေလို့ပါပဲ။ တဖက်မှာလည်း တိုးတက်လာတဲ့ နည်းပညာအသစ်တွေကို သုံးပြီး လူ့အဖွဲ့အစည်းပြဿနာတွေကို ဖြေရှင်းနိုင်မှာပါလို့လည်း မျှော်လင့်ထားပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝဘေးဆိုးကြီးတွေ ဖြစ်လာပေမဲ့ လူသားမျိုးနွယ် တုံးသွားတဲ့အထိတော့ ဖြစ်လာမှာမဟုတ်ဘူးလို့ပဲ ကောက်ချက်ချရမှာပါ။ ဒါပေမဲ့ လူသားတွေအတွက် သက်သောင့်သက်သာနေရမယ့် သဘာဝပတ်ဝန်းကျင်မျိုးကတော့ အကြီးအကျယ် ဆုံးရှုံးရဖို့ ရှိပါတယ်။

တကယ်တော့ လူသားတွေအတွက် သဘာဝဘေးဆိုးတွေက လွတ်ကင်းတဲ့ ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နေထိုင်ရဖို့ဆိုတာက အလွန်အရေးကြီးတဲ့ အချက်ပါပဲ။ ဘယ်သူမှ မုန်တိုင်းတွေနဲ့ ရင်မဆိုင်ချင်ကြပါဘူး။ ဘယ်သူမှ ရေကြီးတာနဲ့ မိုးခေါင်တာကို မကြုံချင်ကြပါဘူး။ ဘယ်သူမှ တောမီးလောင်တာ၊ အပူလှိုင်း ရိုက်ခတ်တာကို မခံစားချင်ကြပါဘူး။ ဘယ်သူမှ ကန္တာရဖြစ်သွားတဲ့ ပတ်ဝန်းကျင်မျိုးမှာ မနေထိုင်လိုကြပါဘူး။ ဘယ်သူမှ ကိုယ့်ရေ ကိုယ့်မြေ ကိုယ့်ရပ်ဝန်းကျင်ကို စွန့်ခွာပြီး မသွားလိုကြပါဘူး။ ဒီအချက်တွေကြောင့်ပဲ ရာသီဥတု ပြောင်းလဲမှု ပြဿနာကို အလေးထားပြီး ဖြေရှင်းဖို့လိုပါတယ်။

လူသားတွေဟာ အပြိုင်အဆိုင် စီးပွားကြီးပွားရှာဖွေရင်း သဘာဝပတ်ဝန်းကျင်ကြီးကို ဖျက်ဆီးမိခဲ့ပါတယ်။ ချစ်ခင်မြတ်နိုးဖွယ်ကောင်းတဲ့ ကမ္ဘာမြေကြီးကို ကာဗွန်အဆိပ်ငွေ့တွေနဲ့ လောင်မီးတိုက်နေခဲ့ပါတယ်။ အနာဂတ် လူသားမျိုးဆက်တွေအတွက် ကန္တာရ ဖုန်းဆိုးတောကြီးကို ဖန်တီးနေသလို ဖြစ်ပါတယ်။ ဒါဆိုရင် လူသားရဲ့ ရှင်သန်မှုဟာ ဆင်းရဲပင်ပန်းမှုကို ခါးစည်းခံရင်း ရှင်သန်ရတာမျိုး ဖြစ်သွားပါမယ်။

လက်ရှိအချိန်ဟာ ပြုပြင်ကုစားလို့ရတဲ့ အခြေအနေ ဖြစ်နေပါသေးတယ်။ နိုင်ငံအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ညီညီညွတ်ညွတ် ဖြေရှင်းပါမှ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ချစ်သောကမ္ဘာမြေကို ကယ်တင်ဖို့အတွက် အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြရမှာပါခင်ဗျား။

မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း သဘာဝဘေးဆိုးများမှ လွတ်ကင်းနိုင်ကြပါစေ။

မောင်သာမည

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024