
အစ္စရေးဟာ အနောက်ဘက်ကမ်းနယ်မြေထဲမှာ ဂျူးအခြေချနေထိုင်သူတွေအတွက် အိမ်ရာတိုးချဲ့ ဆောက်လုပ်နေတာကို ချက်ချင်းရပ်တန့်ဖို့နဲ့ ပိုဆိုးရွားလာနေတဲ့ အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ အနောက်နိုင်ငံကြီး ၇ နိုင်ငံက မေ ၂၂ ရက်မှာ တောင်းဆို လိုက်ပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့ဟာ မေ ၂၂ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အစ္စရေးအစိုးရဟာ အနောက်ဘက်ကမ်းဒေသတွင်း တင်းမာမှုတွေကို တမင်သက်သက် ပိုဆိုးရွားအောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အနောက်ဘက်ကမ်းရဲ့ အခြေအနေဟာ မကြုံစဖူးအဆင့်အထိ မြန်မြန်ဆန်ဆန် ဆိုးရွားလာနေတယ်လို့ ဖော်ပြထားပါတယ်။
အထူးသဖြင့် အငြင်းပွားဖွယ် E1 ဧရိယာမှာ အိမ်ရာတွေ တိုးချဲ့ဆောက်လုပ်ဖို့ စီစဉ်နေတာဟာ အနောက်ဘက်ကမ်းနယ်မြေကို နှစ်ခြမ်းကွဲသွားစေမှာဖြစ်ပြီး ဒါဟာ နိုင်ငံတကာဥပဒေကို ပြင်းပြင်း ထန်ထန် ချိုးဖောက်ရာရောက်တယ်လို့ သံတမန်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေက ထောက်ပြ ထားပါတယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း ဥပဒေကြောင်းအရရော နာမည်ပျက်နိုင်တဲ့ အကျိုးဆက်တွေပါ ရှိလာနိုင်တာကြောင့် E1 ဧရိယာ ဆောက်လုပ်ရေးတင်ဒါတွေမှာ ပါဝင် လျှောက်ထားခြင်း မပြုကြဖို့ သတိပေးထားပါတယ်။
အစ္စရေးအစိုးရအနေနဲ့ အခြေချအိမ်ရာတိုးချဲ့မှုကို ရပ်တန့်ဖို့၊ အကြမ်းဖက်မှုတွေအတွက် တာဝန်ယူမှု ရှိ ရှိ စုံစမ်းစစ်ဆေးဖို့၊ ဂျေရုဆလင်ရဲ့ သန့်ရှင်းမွန်မြတ်တဲ့ နေရာတွေအပေါ် သမိုင်းဝင် အခြေအနေအတိုင်း လေးစားဖို့နဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့အပေါ် ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ အနောက်နိုင်ငံကြီးတွေက တောင်းဆိုထားပါတယ်။
ဒါ့အပြင် ပါလက်စတိုင်းပြည်သူတွေကို အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းဖို့ ပြောဆိုနေကြတဲ့ အစ္စရေး အစိုးရအဖွဲ့ဝင်အချို့ရဲ့ လုပ်ရပ်တွေကိုလည်း ပြတ်ပြတ်သားသား ကန့်ကွက်ထားပါတယ်။
အခုထုတ်ပြန်ချက်ဟာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အစိုးရအပေါ် အနောက်နိုင်ငံ အတော်များများက ပိုမိုမကျေမနပ် ဖြစ်လာနေတာကို ထင်ဟပ်နေပါတယ်။
နေတန်ယာဟုအစိုးရဟာ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနယ်မြေထဲမှာ အခြေချ အိမ်ရာတွေကို တိုးချဲ့ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး မျှော်လင့်ချက်ကို ရိုက်ချိုးပစ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သံတမန်တွေက သုံးသပ်ထားပါတယ်။
အခုလို နိုင်ငံတကာရဲ့ ပြင်းပြင်းထန်ထန် ဖိအားပေး စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အစ္စရေးအစိုးရ ကတော့ လက်ရှိအချိန်အထိ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
Source: Reuters











