Home
မြန်မာသတင်း
Mytel က လုပ်ခွင့်ရထားသည့် အောင်ဘာလေအွန်လိုင်းထီ စိတ်ဝင်စားသူနည်း
DVB
·
July 1, 2023

စစ်တပ်အကျိုးစီးပွားလုပ်ငန်းတခုဖြစ်တဲ့ Mytel က လုပ်ခွင့်ရထားတဲ့ အောင်ဘာလေအွန်လိုင်းထီကို စိတ်ဝင်တစားဝယ်ယူ ကံစမ်းသူ နည်းပါးနေတယ်လို့ ထီကိုယ်စားလှယ်အသိုက်အဝန်းက ပြောပါတယ်။

ဇွန်လက အွန်လိုင်းထီကို စတင်လိုက်တာဖြစ်ပြီး လျာထားထုတ်ရောင်းခဲ့တဲ့ ပမာဏရဲ့အများအပြားဟာ ရောင်းမကုန်ဖြစ်ခဲ့တာကြောင့် အဲဒီထီကို စိတ်ဝင်စားမှု နည်းနေတယ်ဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ပန်းဘဲတန်းမြို့နယ်နေ ထီကိုယ်စားလှယ်တဦးက "လက်ကျန်က ပုံနှိပ်ထီထဲမှာလည်းရှိတယ်။ အွန်လိုင်းထီက ပိုဆိုးတယ်။ ရောင်းမကုန်တွေများလို့ ထီဖွင့်ပွဲမှာ အစားထိုးပြန်ရွေးနေရတာနဲ့ အချိန်ကုန်သွားတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက ဒီနေ့မှာ အောင်ဘာလေအွန်လိုင်းထီကို ပုံနှိပ်ထီနဲ့အတူ ထီဖွင့်ပွဲပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ရောင်းအားကျနေတဲ့ ထီစနစ်ကို အွန်လိုင်းထီနဲ့ အရောင်းမြှင့်တင်ဖို့ ကြိုးစားခဲ့ပေမယ့် ပထမဆုံးရောင်းချတဲ့လမှာတင် အလုပ်မဖြစ်ခဲ့ဘူးလို့ ထီလုပ်ငန်း အသိုက်အဝန်းက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ဇွန်လမှာ ပုံနှိပ်ထီကို အက္ခရာခြောက်လုံး၊ အွန်လိုင်းထီကို အက္ခရာခြောက်လုံး ဖွင့်လှစ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အဲဒီထီနှစ်မျိုးရောင်းရငွေဟာ ကျပ်သန်း ၅၁၀၀ နီးပါးရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေသိန်းဆုဌာနက ဇွန် ၃၀ မှာ ကြေညာခဲ့ပါတယ်။

အဆိုပါ ရောင်းရငွေကျပ်သန်း ၅၁၀၀ ဟာ ထီအက္ခရာ ၅ လုံးစာ ရောင်းရငွေလောက်သာ ရှိတာကြောင့် ထုတ်ရောင်းတဲ့ ထီလက်မှတ်စောင်ရေ တဝက်ကျော်က ရောင်းမကုန်ထီ ဖြစ်သွားရတယ်လို့ ထီစျေးကွက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

"အွန်လိုင်းထီက လဝက်လောက်မှ ထုတ်ရောင်းတာကြောင့်လည်း ပါတယ်။ စောင်ရေ ဘယ်လောက်ရောင်းရတယ် မသိရပေမယ့် ခန့်မှန်းရသလောက် မဆိုသလောက်လေးဘဲ ရောင်းရပုံရတယ်" လို့ ဝါရင့်ထီကိုယ်စားလှယ်တဦးက ပြောပါတယ်။

ဒီနေ့ထီဖွင့်ပွဲမှာလည်း ထီဆုကြီးအားလုံးမှာ ပုံနှိပ်ထီကဖြစ်ပြီး အွန်လိုင်းထီကနေ အမြင့်ဆုံးကျပ်သိန်း နှစ်ဆယ်ဆုတဆုနဲ့ ဆုသေးအနည်းငယ်သာ ထွက်ရှိတာကြောင့် စစ်ကောင်စီထီကို ဝယ်ယူအားပေးနေသူတွေအကြား ဝေဖန်မူတွေရှိနေပါတယ်။

ပြည်သူအများစုဟာ စစ်အာဏာသိမ်းမူကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီလက်ထက်မှာထီ မထိုးတဲ့ အာဏာဖီဆန်ရေးလူပ်ရှားမူပြုလုပ်ထားကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024