

စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးနဲ့ တွေ့ဆုံဖို့ ဇူလိုင် ၁ ရက်က ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်ကို ရောက်ရှိခဲ့ပါတယ်။
ဥရောပသမဂ္ဂရဲ့ ၆ လတကြိမ် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူခဲ့တဲ့ စပိန်နိုင်ငံ့ခေါင်းဆောင်က ဒီသက်တမ်းအတွင်း ပထမဆုံးခရီးစဉ်အဖြစ် ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့တာပါ။
ဒါဟာ "စစ်ရေးဆိုင်ရာ၊ လူသားချင်းစာနာမှုဆိုင်ရာ နဲ့ စီပွားရေးဆိုင်ရာ နယ်ပယ် အားလုံးမှာ ဥရောပသမဂ္ဂရဲ့ ယူကရိန်းအပေါ် မမှိတ်မသုန် ထောက်ခံမှုကို ပြသလိုတာ ဖြစ်တယ်" ဆိုပြီး ဝန်ကြီး ချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ဆန်းချက်ဇ်ဟာ ယူကရိန်းပါလီမန်မှာ မိန့်ခွန်းပြောကြားမှာ ဖြစ်သလို သမ္မတဇယ်လင်စကီး နဲ့လည်း ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ယူကရိန်းနိုင်ငံထဲက စစ်ပွဲနဲ့အကျိုးဆက်တွေဟာ စပိန်ဥက္ကဋ္ဌ သက်တမ်းအတွင်း ဦးစားပေးဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အစဉ်အလာအားဖြင့် ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီအစုအဖွဲ့ရဲ့ အနာဂတ်အစီအစဉ်တွေကို ချမှတ်ပေးနိုင်ဖို့ ကြိုးပမ်းခဲ့ကပေမယ့်လည်း နောက်ဆုံးရလဒ်ကတော့ အဖွဲ့ဝင်နိုင်ငံအားလုံး အပေါ်မှာပဲ မူတည်ပါတယ်။
စပိန်နိုင်ငံဟာ ကာလရှည်ကြာ နှောင့်နှေးလျက်ရှိတဲ့ တောင်အမေရိကတိုက်ရဲ့ မယ်ကိုဆော(Mercosur)အစုအဖွဲ့နဲ့ ကုန်သွယ်ရေး သဘောတူညီချက်အပြင် ဥရောပအနှံ့အပြားက ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ သဘောတူညီချက်တို့ကို အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
ဒါ့အပြင် ဘုံတူညီတဲ့ ကော်ပိုရိတ်ဆိုင်ရာ အခွန်နှုန်းထားအပေါ် တွန်းအားပေးနိုင်ဖို့နဲ့အတူ ဥရောသမဂ္ဂရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ သမဂ္ဂအနေနဲ့ ရှေ့တိုးဆောင်ရွက်သွားမယ့် အချက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။










