DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ၁၃၀၀ ခန့်ရှိလာ
DVB
·
July 1, 2023
စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ၁၃၀၀ ခန့်ရှိလာ
Donate to DVB

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်ကျော် ကာလတွေ အတွင်း အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူ အယောက် ၃,၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁,၂၈၄ ယောက်နဲ့ ၃၄ ရာခိုင်နှုန်းကျော်ထိ မြင့်တက်နေခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးချိန်ကတည်းကနေ အခုနှစ် ဇွန် ၃၀ ရက်အထိ အေအေပီပီကနေ ကောက်ယူမှတ်တမ်းတင်ထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံးအချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာဖြစ်ပြီး သေဆုံးသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၅၅၅ ယောက်နဲ့ ၁၅ ဒသမ ၃ ရာခိုင်နှုန်း၊ ကလေးသူငယ်သေဆုံးသူဦးရေ ၄၁ ယောက်နဲ့ ၁၁ ရာခိုင်နှုန်းထိ ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကျဆုံးပြည်သူစာရင်းတွေကို ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ စစ်ကိုင်းတိုင်းက အယောက် ၁,၅၀၀ ကျော်နဲ့ ရာခိုင်နှုန်း ၄၀ ကျော် ပါဝင်နေတယ်လို့ သိရပြီး အဲဒီနောက်မှာတော့ မန္တလေး၊ ရန်ကုန်နဲ့ မကွေးတိုင်းတွေက ကျဆုံးပြည်သူဦးရေ အများဆုံး ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေး ၂ နှစ်ကျော် ကာလအတွင်း စုစုပေါင်း ပြည်သူ ၂၃,၆၅၁ ယောက်ထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၉,၂၉၅ ယောက်ကတော့ လက်ရှိအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေ ၂၀ ဒသမ ၁ ရာခိုင်နှုန်းထိ ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ ၂ ဒသမ ၆ ရာခိုင်နှုန်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေ အပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် မြန်မာပြည်သူ ၁ ဒသမ ၈ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

လတ်တလောမှာတော့ ပြည်သူလူထုတရပ်လုံးရဲ့ ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်မှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိနဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုတွေကို အရင်းတည်ပြီး တော်လှန်ရေးအုတ်မြစ်ဟာ အခြေခိုင်ခဲ့ကာ လက်ရှိအချိန်မှာ ဘယ်သူကမှ ဖြိုလှဲဖျက်ဆီးပစ်လို့ မရနိုင်တဲ့ ခိုင်မာအားကောင်းမှုတခုနဲ့ ရှေ့ဆက်နေပြီဖြစ်တယ်လို့ အမျိုးသားညီ ညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ အပါအဝင် တခြားသော ခြေလှမ်းတိုင်း၊ လုပ်ရပ်တိုင်းဟာ ပြည်သူ့အချုပ်အခြာအာဏာကို မတရား ရယူဖို့ ကြိုးစားတဲ့ အာဏာဖီဆန်မှုမြောက်တဲ့ ဥပဒေချိုးဖောက်မှုတွေသာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရတရပ်ဖြစ်တဲ့ NUG အစိုးရအနေနဲ့ အဆိုပါ ဥပဒေချိုးဖောက် မှုတွေမှာ တာဝန်ရှိသူတွေအားလုံးကို တရားဥပဒေရှေ့မှောက်ကို ပို့ဆောင်ပြီး ထိခိုက်နစ်နာခဲ့ရသူ အားလုံးအတွက် တရားမျှတမှု ရယူပေးနိုင်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013