DVB Logo
Home
မြန်မာသတင်း
ကျောက်တော်နှင့်ပုဏ္ဏားကျွန်းစစ်ရှောင်စခန်းများတွင် သစ်၊ ဝါး၊ ဓနိနှင့် ကျန်းမာရေး အကူအညီ လိုအပ်
DVB
·
July 1, 2023
ကျောက်တော်နှင့်ပုဏ္ဏားကျွန်းစစ်ရှောင်စခန်းများတွင် သစ်၊ ဝါး၊ ဓနိနှင့် ကျန်းမာရေး အကူအညီ လိုအပ်
Donate to DVB

မိုခါမုန်တိုင်းဒဏ်ခံရခဲ့တဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ နေအိမ် တော်တော်များများ ပျက်စီးခဲ့ရပြီး အဲဒီထဲက ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက စစ်ရှောင်စခန်းတွေမှာတော့ သစ်၊ ဝါး၊ ဓနိနဲ့ ကျန်းမာရေးစောင့်ရှောက်မှု  အကူအညီတွေ လိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူ တွေဆီက သိရပါတယ်။

လက်ရှိ မိုးရာသီ ရောက်နေပေမယ့် အမိုးအကာ လုံလောက်မှုမရှိဘဲ မိုးကာတာလပတ်နဲ့ အဆင်ပြေသလို ကိုယ့်အစီအစဉ်နဲ့ ကိုယ်တည်ဆောက်ပြီး နေနေရတယ်လို့ ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီး ခေါင်းဆောင်တယောက်က ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျမတို့မှာ သစ်တွေ၊ဝါးတွေ၊ဓနိတွေ အကုန်ရပြီ။ ဒီနှစ်ကတော့ ဘယ်လိုဖြစ်လဲ မသိဘူး။ အိမ်ထောင်စုတစုကို မိုးကာစ ၂ ခုပဲ ရတာကြောင့် အဲဒါနဲ့ အဆင်မပြေဘူး။ မိသားစုက ၈၀ လောက် ရှိတယ်။ ပြီးခဲ့တဲ့ နှစ်က စီဒီအမ်ပဲ ပေးတယ်။ အဆင်ပြေတယ်ပေါ့။ အခုက ဘာအဖွဲ့အစည်းမှ မပေးဘူး။ အခု နေစရာထိုင်စရာ အခက်အခဲတွေ အများကြီး ရှိတာပေါ့။ မိုးကလည်း တအားကြီးတယ်။ မိုးက မနှစ်က အဲ့လောက် မရွာဘူး။ မိုးတအားရွာရင် နေလို့ မရဘူး။ မိုးတအားပူလည်း တာလပတ်နဲ့ နေလို့ မကောင်းဘူး။ ဖျားနာကျတာ အများကြီးပဲ။ စခန်းမှာတော့ လေတိုက်လို့ ဝါးတွေ အကုန်ပါသွားတယ် အများကြီးပဲ။ ကလေးတွေ ကျောင်းတက်ရမယ့်အချိန် တော်တော်ခက်ခဲတယ်။ အမျိုးသမီးတွေ အတွက်လည်း အမိုးအကာ လုံခြုံမှုတွေလည်း လိုအပ်တယ်။"

ပြီးခဲတဲ့နှစ်က စစ်ဘေးရှောင်စခန်းတွေမှာ နိုင်ငံတကာအဖွဲ့အစည်း (Clean Development Mechanism) CDM အဖွဲ့ကနေ သစ်၊ ဝါး၊ ဓနိတွေ ထောက်ပံ့ပေးခဲ့ပေးမယ့် ဒီနှစ်မှာတော့ ဘယ်အဖွဲ့စည်းဆီကမှ ထောက်ပံ့မှု မရရှိတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ အခက်အခဲတွေ ကြုံနေရတာပါ။

ပြီးခဲ့တဲ့ ရက်တွေက  ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် မြို့နယ်အချို့က စစ်ရှောင်စခန်းတွေမှာ ရေနစ်မြုပ်မှုတွေ ရှိခဲ့ပြီး စစ်ဘေးရှောင်တွေ နေထိုင်ရေး အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ ငွေကြေးအခက်အခဲ ရှိသလို ကျန်းမာရေး မကောင်းရင်လည်း ရွာအချို့မှာ ဆေးရုံဆေးခန်း မရှိတဲ့အတွက် ဆေးရုံဆေးခန်း ရှိတဲ့နေရာတွေအထိ သွားရောက် ကုသနေရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကဏန်းတောင် စစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုစံဝင်းက "မိုခါမုန်တိုင်းတိုက်တဲ့အချိန်မှာ ဘာတခုမှမကျန်ဘဲ အကုန်ပါသွားတယ်။ ဒီလောက် ကယ်ဆယ်ရေးစခန်းမှာ ဝါးတွေနဲ့တည်ဆောက်ထားတာတင်မကဘဲ အိမ်တွေပါ ကျွတ်ထွက်သွားတာက ပိုလို့ဆိုးတာပေါ့။ လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ မရှိမဲ့ရှိမဲ့ ပစ္စည်းလေးတွေနဲ့ ကြံဖန်ပြီး နေစရာနေရာ ရရှိအောင် လုပ်ထားတာတွေရှိတယ်။ အခု WFP အဖွဲ့က လူတဦးကို တနပ်စာ ဆန် ၁ဗူးနှုန်းနဲ့ ၁၅ ရက်စာထောက်ပံ့ပေးထားသလို IRC အဖွဲ့ကလည်း ကော်ပုံးတွေ၊မိုးကာတွေ၊ဆပ်ပြာတို့ ဆပ်ပြာရည်တို့ကအစ ပေးထားတာတွေ ရှိနေတယ်။ ကဏန်းတောင်ရွာမှာ စစ်ဘေးရှောင် စခန်း ၂ ခုရှိပြီး စစ်ဘေးရှောင်ပြည်သူ အရေအတွက် ၂၀၈ စုနေထိုင်ကြကာ ငွေကြေးအခက်ခဲတွေလည်း ရှိနေတယ်။ ကျန်းမာရေးကတော့ အခြေအနေ မကောင်းရင် ဆေးရုံ ဆေးခန်း ပြေးရတယ်။ ကျနော်တို့နေထိုင်တဲ့ ရွာမှာ ဆေးရုံ၊ ဆေးခန်းမရှိလို့ နေမကောင်းဖြစ်ရင် ဆေးရုံဆေးခန်းရှိတဲ့နေရာကို သွားရောက် ကုသရတယ်" လို့ ပြောပါတယ်။

၂၀၂၃ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း စစ်ရှောင်စခန်း ၅ ခုက နေအိမ် ၆၀၀ ကျော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကဏန်းတောင် စစ်ဘေးရှောင်စခန်းတို့က နေအိမ် အလုံးပေါင်း ၂၀၀ လောက် ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မိုခါမုန်တိုင်း တိုက်ခတ်ပြီး တလပြည့်တဲ့အချိန်ထိ မုန်တိုင်းသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ လိုအပ်တဲ့ အိမ်ထောင်စု နှစ်သိန်းနီးပါး၊ အမိုးအကာ လိုအပ်နေတဲ့ အိမ်ထောင်စု တစ်သိန်းခွဲကျော် ရှိတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ၇၀၀၀၀ ကျော်အထိ ရှိနေသေးတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို မိုခါမုန်တိုင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့လို့ အိမ်ခြေ ၂၁၆၆၀၀ကျော် ပျက်စီးခဲ့ပြီး ပြည်သူ ၁ သန်းကျော် မုန်တိုင်းဒဏ်သင့်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူညီ အထောက်ပံ့တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013