DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်အုပ်စုကို စတင်တော်လှန်တိုက်ခိုက်နေပြီဟု ကလလတ ကြေညာ၊ ဗဟို သဘောထားမဟုတ်ဟု ဒု-ဥက္ကဋ္ဌတုံ့ပြန် 
DVB
·
July 1, 2023
အကြမ်းဖက်စစ်အုပ်စုကို စတင်တော်လှန်တိုက်ခိုက်နေပြီဟု ကလလတ ကြေညာ၊ ဗဟို သဘောထားမဟုတ်ဟု ဒု-ဥက္ကဋ္ဌတုံ့ပြန် 
Donate to DVB

အကြမ်းဖက်စစ်အုပ်စုကို စတင်တော်လှန်တိုက်ခိုက်နေပြီဖြစ်ပြီး လွန်ခဲ့တဲ့ကာလက မှားယွင်းခဲ့တာတွေကို ဝန်ချတောင်းပန်သလို တောင်ပေါ်မြေပြန့်က ဘယ်တော်လှန်ရေးအဖွဲ့နဲ့မဆို မဟာမိတ်တပ်ပေါင်းစုအထိဖြစ်လာဖို့ အဆင်သင့်ရှိနေတယ်လို့ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)က ဇူလိုင် ၁ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကရင်နီ (ကယား)ထဲက ဒေသတခုဖြစ်တဲ့ သံလွင်အရှေ့ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ  ဇွန် ၁၃ ရက်နေ့က စစ်ကောင်စီတပ်တွေကို  စတင်တိုက်ခိုက်ပြီး သူတို့ရဲ့ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်တယ်လို့လည်း ဆိုပါတယ်။

“ဗမာပြည်တဝန်းတောင်ပေါ်မြေပြန့်ဒေသအနှံ့မှာ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေး အင်အားစု အသီးသီးက  ခုခံတော်လှန်တိုက်ပွဲဝင်နေကြသလို ကျနော်တို့ (ကလလတ)အဖွဲ့အစည်းအနေနဲ့လည်း ကျနော်တို့ရင်ဆိုင်ထားရတဲ့ (ကရင်နီပြည်)စစ်မျက်နှာကနေ အကြမ်းဖက်(စကစ)စစ်အုပ်စုကို ပြတ်ပြတ်သားသားတိုက်ခိုက်သွားမှာဖြစ်တယ်လို့ တည်ကြည်စွာ အသိပေးအပ်ပါတယ်” လို့ သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေ အကုန်အစင်တိုက်ဖျက်ရေးကို လတ်တလောရည်မှန်းချက်အဖြစ်ထားပြီး အကြမ်းဖက်စစ်အုပ်စုကို တော်လှန်နေကြတဲ့ ဘယ်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့မဆို အပြန်အလှန်နားလည်မှု၊ သွေးစည်းညီညွတ်မှု၊ မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းတာတွေကို အဆင့်ဆင့်တည်ဆောက်သွားနိုင်ဖို့ အတွက်လည်း စိတ်ရောကိုယ်ပါ အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။

ကလလတ ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ နိုင်ငံရေး ယုံကြည်ချက်၊ အမြင်မတူညီတာတွေကြောင့်ခွဲထွက်ပြီး ၁၉၇၈ ခုနှစ် မှာသီးခြားဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်မှုနဲ့ လူမျိုးပေါင်းစုံပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (လပဒတ) ဖွဲ့စည်းရာမှာလည်း တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တိုက်ပွဲဝင်ကာလတွေနဲ့ စစ်ရေးမဟာမိတ်ဖွဲ့စည်းခဲ့တာတွေကို အခုအချိန်အထိ တန်ဖိုးထားပြီး စွဲမြဲစွာမှတ်တမ်းတင်ထားတယ်လို့ ကလလတ က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုတွေကို ခုခံတိုက်ခိုက်နေဆဲမှာပဲ မဟာမိတ်တွေရဲ့ အထွေထွေအခြေအနေတွေ၊ အဖွဲ့အစည်းအနေနဲ့ရင်ဆိုင်နေရတဲ့ စစ်ရေးဆိုင်ရာစိန်ခေါ်မှုတွေ စတဲ့ အကြောင်းအချက် အမျိုးမျိုးတွေရဲ့ အောက်မှာ မလွဲသာမရှောင်သာတော့ဘဲ ၁၉၉၄ ခုနှစ်မှာ နအဖ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ရပြီး ၁၉၉၄ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့အထိ  နှစ်ပေါင်း ၃၀ နီးပါး အပစ်ရပ်ကာလအတွင်းမှာ တပ်ဖွဲ့ဝင်တချို့ကို နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဖြစ် အသွင်ပြောင်းပေးရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအချိန်မှာတော့ စစ်အုပ်စုရဲ့အဆွယ်အပွားတပ်တခုဖြစ်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့(BGF) ဘဝကနေ စစ်အုပ်စုကို ပြန်လည်ခုခံတော်လှန်တဲ့ တပ်အဖြစ် အောင်မြင်စွာ ပြန်လည်ရုန်းထွက်နိုင်ခဲ့ကြပြီး ဒါဟာ ၁၉၇၈ ခုနှစ်နဲ့ ၁၉၉၄ ခုနှစ်မတိုင်မီအထိ သမိုင်းဂုဏ်သိ က္ခာရှိတဲ့ ကလလတ အဖွဲ့အစည်းရဲ့ နဂို မူလရပ်တည်ချက်နဲ့ လမ်းစဉ်ပေါ်လစီတွေပေါ်ကို ပြန်လည်တည့်မတ်ဦးတည်တဲ့ အရေးကြီးတဲ့ အလှည့်အပြောင်းတခု ဖြစ်တယ်လို့  ယုံကြည်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

“အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်းမှာ မိမိတို့ (ကလလတ) အဖွဲ့အစည်းအနေနဲ့ ကရင်နီပြည် (ကယားပြည်နယ်)အတွင်းမှာ မိမိတို့အတိုင်းအတာနဲ့ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စတွေကို ကူညီဖြေရှင်းပေးခဲ့တာကို ဒေသခံ ပြည်သူတွေအသိပဲဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်းမှာ ပြည်သူလူထုက မနှစ်သက်၊ မလိုလားတဲ့ အပြုအမူတချို့၊ ဖြစ်ရပ်တချို့ ဖြစ်ပွားခဲ့တာတွေရှိတာကို ပွင့်လင်းစွာဝန်ခံပြီး ထိုသို့သောတိမ်းစောင်းမှားယွင်းမှုများအတွက် ပြည်သူ လူထုကို  အလေးအနက် ဝန်ချတောင်းပန်ပါတယ်” လို့လည်း ဆိုပါတယ်။

ပြီးတော့ သူတို့အနေနဲ့  ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နဲ့ နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်တွေကို ပူးတွဲလုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ကလလတ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ဗဟိုကော်မတီရဲ့ သဘောထားမပါဘဲ ထုတ်ပြန်ကြေညာချက်တွေဟာ အဖွဲ့အစည်းရဲ့ တရားဝင်ထုတ်ပြန်ကြေညာချက်မဟုတ်ဘူးလို့  ကလလတ ဒုဥက္ကဋ္ဌ ဦးထူးကော်က ဒီကနေ့ ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကလလတ- ငြိမ်းချမ်းရေးအဖွဲ့ (လွိုင်ကော်ခရိုင်)အနေနဲ့   လူထုရဲ့ အကျိုးကိုသာ ဦးထိပ်ပန်ဆင်ပြီး ဒီနေ့အချိန်အထိ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့တို့နဲ့အတူယှဉ်တွဲ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့ပြီးဖြစ်လို့ လူထု အကျိုးပြုလုပ်ငန်းတွေကိုသာ အတူ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း  ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013