ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ လယ်တောထဲကိုသွားတဲ့ လူငယ် အမျိုးသား နှစ်ယောက် မိုင်းနင်းမိပြီး ခြေထောက်ထိခိုက် ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေထံ ကသိရပါတယ်။
စံပြကျေးရွာမှာ နေထိုင်တဲ့ သက် ၁၈ နှစ် အရွယ် မောင်ငွားမော်ဆာနဲ့ အသက် ၃၀ အရွယ် မာင်ယော်လီဖူတို့ဟာ ဇွန် ၂၉ရက် ညနေပိုင်းက နန့်ဆန်ချောင်းတဘက်ကမ်းမှာ ရှိတဲ့ လယ်ယာလုပ်ငန်းခွင်ကို ဆိုင်ကယ်နဲ့ သွားရောက်စဉ် မိုင်းနင်းမိတာ ဖြစ်ပါတယ်။
ဒေသခံတဦးက "ယုဇနကုမ္ပဏီစက်ရုံဟောင်းအနောက် နမ်ဆန်ချောင်း တဘက်ကမ်းက လယ်ယာထဲကို သွားရင်း ညနေ သုံးနာရီလောက်မှာ မိုင်းနင်းမိတာ။ မိုင်းကို ဆိုင်ကယ်နဲ့ နင်းမိတာ ဆိုတော့ ဆိုင်ကယ်ပျက်စီးသွားတယ်။ သူတို့နှစ်ယောက်ကတော့ ခြေထောက်တွေထိသွားတယ်။ ဘယ်အဖွဲ့ ထောင်တဲ့ မိုင်းလည်းတော့ သေချာမသိဘူး" လို့ ပြောပါတယ်။
မိုင်းနင်းမိတဲ့ လူငယ်နှစ်ယောက်ရဲ့ ဘယ်ဘက်ခြေထောက်မှာ ထိခိုက် ပြတ်ရှ ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် မြစ်ကြီးနား ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရပါတယ်။
ဇန်နဝါရီ ၁၂ ရက်ကလည်း ယုဇနကုမ္ပဏီစက်ရုံဟောင်းအနီး မိုင်းပေါက်ကွဲခဲ့တဲ့အတွက် ဆိုင်ကယ်နဲ့သွားလာတဲ့ ရှဒူးဇွပ် ဒေသခံ သားအမိနှစ်ယောက် ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
photo cj