
ပြီးခဲ့တဲ့အပတ်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့က စားသောက်ဆိုင်တဆိုင်အပြင်ဘက်မှာ ဩစတြေးလျရာဇဝတ်ဂိုဏ်းခေါင်းဆောင် အသက် ၂၄ နှစ်အရွယ် လိုရန်ဇိုလေးမာလူကို သတ်ဖြတ် မှုနဲ့ စွပ်စွဲခံထားရတဲ့ ဆာမိုအာနိုင်ငံသား ၂ ယောက်ကို ဗီယက်နမ်ရဲတပ်ဖွဲ့က မေ ၂၆ ရက် မှာ ဖမ်းဆီး လိုက်ပါတယ်။
မေ ၂၁ ရက်က ပစ်ခတ်မှုကို ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ဦးထုပ်ဆောင်းထားတဲ့ လူသတ်သမား တယောက်က ဟိုချီမင်းမြို့လယ်မှာရှိတဲ့ ပင်လယ်စာ စားသောက်ဆိုင်တဆိုင်ရဲ့ အပြင်ဘက်မှာ ပစ္စတို သေနတ်နဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်နေတာကို မြင်တွေ့ရပါတယ်။
လေးမာလူဟာ ပစ်ခတ်မှုအတွင်း လုပ်ဖော်ကိုင်ဖက် တယောက်နဲ့အတူ အကြိမ်ပေါင်းများစွာ ပစ်ခတ် ခံခဲ့ရပြီး ဒဏ်ရာရခဲ့တယ်လို့ ဗီယက်နမ် အာဏာပိုင်တွေက ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခဲ့သူဟာ အသက် ၂၇ နှစ်အရွယ် ဗားဗားက ဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် တာဖှီယာ စတိဗ်က ကြံရာပါ ဖြစ်တယ်လို့ ဗီယက်နမ်အာဏာပိုင်တွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်အပြီး ၇၂ နာရီအတွင်း ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနယ်စပ်ဒေသမှာ သံသယရှိသူ ၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဗီယက်နမ်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
သေဆုံးသွားသူ လေမာဟာ သြစတြေးလျ ရာဇဝတ်ဂိုဏ်းတခုရဲ့ အကြီးတန်းခေါင်းဆောင် တယောက်ဖြစ်တယ်လို့ ယုံကြည်ရပြီး ဆစ်ဒနီမြို့က ရာဇဝတ်ဂိုဏ်းမိသားစုနဲ့ အကြမ်းဖက် ရန်ငြိုးဖွဲ့ မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သြစတြေးလျမီဒီယာတွေက ရေးပါတယ်။
Source:Reuters










