
အယ်ဆာဗေဒိုနိုင်ငံ တရားရုံးတခုမှာ ဧပြီ ၂၁ ရက်က MS-13 လို့ လူသိများတဲ့ နာမည်ကြီး မာရာ ဆာလ်ဗာထရူးချားဂိုဏ်းရဲ့ ခေါင်းဆောင် ၄၀၀ ကျော်ကို အစုလိုက်အပြုံလိုက် ရုံးထုတ်စစ်ဆေးတာကို စတင်လိုက်ပြီး သူတို့ဟာ ၂၀၁၂ ကနေ ၂၀၂၂ ခုနှစ်အတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုပေါင်း ၄၇,၀၀၀ ကျော်နဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
အခုတရားစွဲခံထားရသူ ၄၈၆ ယောက်ဟာ လူသတ်မှုတွေ၊ အမျိုးသမီးတွေကို သတ်ဖြတ်မှုတွေ၊ ငွေညှစ်တာ၊ လက်နက်မှောင်ခိုရောင်းတာနဲ့ လူပျောက်စေမှုတွေကို အမိန့်ပေးစေခိုင်းခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
ဒါ့အပြင် နယ်မြေစိုးမိုးမှုတွေကတဆင့် အစိုးရနဲ့အပြိုင် အုပ်ချုပ်ရေးယန္တရား ထူထောင်ဖို့ ကြိုးပမ်းတယ်လို့ စွပ်စွဲခံရတဲ့အတွက် ပုန်ကန်မှုနဲ့လည်း စွဲချက်တင်ထားပါတယ်။
အစိုးရရှေ့နေရုံးက ရင်ခွဲစစ်ဆေးချက်တွေ၊ လက်နက်နဲ့ ကျည်ဆန် စစ်ဆေးချက်တွေနဲ့ သက်သေထွက်ဆိုချက်တွေကို အထောက်အထားအဖြစ် တင်ပြထားပြီး ပြစ်မှုတခုချင်းစီအတွက် အမြင့်ဆုံးပြစ်ဒဏ်တွေပေးဖို့ တရားသူကြီးကို တောင်းဆိုထားပါတယ်။
ဒါကြောင့် တရားခံတယောက်ဟာ စွဲချက်အားလုံးမှာ အပြစ်ရှိကြောင်း တွေ့ရှိရရင် ထောင်ဒဏ် ၂၄၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
ဒီအမှုထဲမှာ ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်ကနေ ၂၇ ရက်အတွင်း လူပေါင်း ၈၆ ယောက်ကို သတ်ဖို့ အမိန့်ပေးခဲ့မှုတွေလည်း ပါဝင်တယ်လို့ အာဏာပိုင်တွေက ပြောဆိုထားပြီး ဒါဟာ ပြည်တွင်းစစ်ပြီးနောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက်မှု အများဆုံးဖြစ်ပွားခဲ့တဲ့ ရက်သတ္တပတ်လို့ ဆိုပါတယ်။
အခု တရားခံတွေကို ထောင် ၅ ခုမှာ ခွဲထားပြီး အများစုကိုတော့ ၂၀၂၃ ခုနှစ်မှာ သမ္မတ ဘူကီလီ အစိုးရ ဖွင့်လှစ်ခဲ့တဲ့ နာမည်ကျော် CECOT လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
အဲဒီထောင်ဟာ အယ်ဆာဗေဒိုအစိုးရက ဂိုဏ်းအကြမ်းဖက်မှုအပေါ် လုံးဝသည်းမခံဘဲ ဂိုဏ်းစတားတွေကို အပြတ်အသတ်နှိမ်နင်းတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ အဲဒီထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ၂၄ နာရီပတ်လုံး စောင့်ကြည့်ခံရပြီး ရှေ့နေနဲ့တွေ့ခွင့် အပါအဝင် ပြင်ပလောကနဲ့ လုံးဝအဆက်အသွယ် ဖြတ်ထားတာကြောင့် လူမဆန်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ စွပ်စွဲဝေဖန်နေကြပါတယ်။
အခု အွန်လိုင်း ဗီဒီယိုကွန်ဖရင့်ကနေတဆင့် ပြုလုပ်နေတဲ့ တရားရုံး ကြားနာစစ်ဆေးခံနေရသူတွေထဲမှာ ဘော်ရိုမီယို ဟန်းန်ရစ်ဇ်နဲ့ ဒီယိုနီစီယို အူမန်ဇော တို့လို MS-13 ရဲ့ ဝါရင့်ဂိုဏ်းခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။
သူတို့ဟာ ၂၀၁၂ ကနေ ၂၀၁၄ ခုအတွင်း မော်ရီစီယို ဖူးနက်စ် သမ္မတဖြစ်စဉ်က အစိုးရနဲ့ ဂိုဏ်းတွေအကြား အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
Source: Reuters










