အီကွေဒေါနိုင်ငံရှိ လော့စ်လိုဘိုစ် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် “လိုဘိုမီနော်” ကို မက္ကဆီကိုစီးတီး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မက္ကဆီကိုနဲ့ အီကွေဒေါ အာဏာပိုင်တွေက မတ် ၁၈ ရက်မှာ ပြောပါတယ်။
“လိုဘို မီနော်” လို့ နာမည်ပြောင်နဲ့ သိကြတဲ့ သံသယရှိသူဟာ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ရဲ့ အနီရောင်အဆင့် သတိပေးချက် ထုတ်ခံထားရသူဖြစ်ပြီး မူးယစ်ဆေးဝါးကုန်ကူးမှု၊ ခြိမ်းခြောက်ငွေညှစ်မှုနဲ့ လူသတ်မှုတွေနဲ့ ဆက်နွှယ်နေတယ်လို့ မက္ကဆီကို လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖွတ်ချ်က X မှာ ပို့စ်တင်ထားပါတယ်။
မက္ကဆီကို လုံခြုံရေးဝန်ကြီးရဲ့ ပို့စ်အရ မက္ကဆီကိုရေတပ်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြုံရေး ဌာနပေါင်းစုံဟာ သတင်းအချက်အလက်တွေ စုဆောင်းပြီး ပူးပေါင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဟယ်ရီကို အမည်ရှိ စစ်ဆင်ရေးအတွင်း သူ့ကို မက္ကဆီကိုစီးတီးက ပိုလန်ကို ရပ်ကွက်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး သူဟာ အီကွေဒေါသမ္မတလောင်း လုပ်ကြံခံရမှုရဲ့ နောက်ကွယ်က အဓိကကြိုးကိုင်သူလည်း ဖြစ်ပါတယ်။
အဲဒီလူဟာ အန်ဂယ်လ် အတ်စ်တဲဘန်း အာဂီလာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်က သမ္မတလောင်း ဖာနန်ဒို ဗီလာဗီဆန်စီယို လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အလိုရှိနေသူဖြစ်တယ်လို့ အီကွေဒေါ ပြည်ထဲရေးဝန်ကြီး ယွန်ရိမ်းဘတ် အိုဗီးဒိုက အတည်ပြုပါတယ်။
“သူဟာ ကိုလံဘီယာမှတ်ပုံတင်နဲ့ စာရွက်စာတမ်းအတုတွေ လုပ်ပြီး မက္ကဆီကို ကို ထွက်ပြေးဖို့ ကြိုးစားခဲ့တာပါ” လို့လည်း ဆိုပါတယ်။
သူဟာ မက္ကဆီကို မူးယစ်ဂိုဏ်းတွေနဲ့လည်း ပတ်သက်မှုရှိပြီး အီကွေဒေါရဲ့ အလိုအရှိဆုံး ရာဇဝတ်ကောင်စာရင်းဝင် ဖြစ်ပါတယ်။
အီကွေဒေါမှာ လှုပ်ရှားနေတဲ့ လော့စ်လိုဘိုစ် ဂိုဏ်းခေါင်းဆောင် ဟွမ်န်ကားလို့စ် အန်န် (ခ) “လိုဘို မီနော်” ကို ရှာဖွေရာမှာ ကူညီပေးခဲ့တဲ့ ကိုလံဘီယာရဲတပ်ဖွဲ့ကိုလည်း မက္ကဆီကိုဘက်က ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။
သူ့ကိုဖမ်းဆီးပြီး နာရီပိုင်းအတွင်းမှာပဲ ကိုလံဘီယာနိုင်ငံကို လွှဲပြောင်းပို့ဆောင်ခဲ့ပါတယ်။ ဒီဖမ်းဆီးမှုဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ရာမှာ ကိုလံဘီယာ၊ မက္ကဆီကို တို့နဲ့ သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ ထိရောက်တဲ့ ရလဒ်တခုလည်း ဖြစ်ပါတယ်။
ဒီရလဒ်ဟာ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေအပေါ် ကြီးမားတဲ့ ထိုးနှက်ချက်တခုဖြစ်ပြီး ကိုလံဘီယာ၊ အီကွေဒေါနဲ့ မက္ကဆီကိုတို့အကြား ၃ နိုင်ငံ ပူးပေါင်းမှုက မူးယစ်ဆေးဝါးနဲ့ တခြား ပြစ်မှုကွန်ရက်တွေကို တိုက်ဖျက်ရာမှာ ထိရောက်မှုရှိတယ်ဆိုတာ အတည်ပြုလိုက်တာပဲလို့ မက္ကဆီကို လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖွတ်ချ်က X ပို့စ်မှာ ပြောထားပါတယ်။
Source: Reuters










