DVB Logo
Home
မြန်မာသတင်း
နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်ရငွေ ကြိုသွင်းပြီးမှ ကုန်တင်ပို့ခွင့်ပြုသည့်စနစ် ပယ်ဖျက်
DVB
·
June 30, 2023
နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်ရငွေ ကြိုသွင်းပြီးမှ ကုန်တင်ပို့ခွင့်ပြုသည့်စနစ် ပယ်ဖျက်
Donate to DVB

မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ရငွေ ကြိုတင်ပေးသွင်းပြီးမှ ကုန်တင်ပို့ခွင့်ပြုတဲ့ စနစ်ကို ဇူလိုင် ၁ ရက်ကစပြီး ပယ်ဖျက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ကြေညာပါတယ်။

အဲဒီ ပယ်ဖျက်လိုက်တဲ့ စနစ်အစား အာမခံကြေးနဲ့ လိုင်စင်လျှောက်ထားခွင့်ပြုတဲ့စနစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်လို့ သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးကနေ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ မြေပဲ စတဲ့ပို့ကုန်‌တွေ တင်ပို့ရာမှာ ပို့ကုန်ရငွေ ကြိုတင်ဝင်ရောက်ပြီးမှ လိုင်စင်ခွင့်ပြုပေးတဲ့ စနစ်ကို ၂၀၂၂ ဇူလိုင်လက စတင်ခဲ့ပြီး အခု တနှစ်အကြာမှာ ပြန်ပယ်ဖျက်လိုက်တာပါ။

ပို့ကုန်လုပ်ငန်းရှင်တဦးက “ဒီလိုဖြေလျှော့ပေးလိုက်တော့ ဒေါ်လာရှာဝယ်ထည့်ရတဲ့ အလုပ်တခုတော့ လျော့သွားတာပါ။ လုပ်ရကိုင်ရ နည်းနည်း ချောင်သွားသလိုရှိပေမဲ့ deposit ငွေက သွင်းရဦးမယ်လေ။ ၆၅/၃၅ ရာခိုင်နှုန်းကလည်း ရှိနေသေးတာဆိုတော့ လုပ်ကိုင်ရတာတော့ ခက်နေတုန်းပါပဲ” လို့ မှတ်ချက်ပြုပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ အာမခံကြေး (Deposit) ပေးသွင်းရာမှာ သက်တမ်း ၃ နှစ်အထက်ရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်တန်ဖိုး စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း၊  ၃ နှစ်အောက် သက်တမ်းရှိတဲ့ ကုမ္ပဏီတွေက ပို့ကုန်တန်ဖိုး စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းကို Deposit အဖြစ်နဲ့ ကုန်သွယ်ရေးဦးစီးဌာနကို ပေးသွင်းရမယ်လို့ သတ်မှတ်ထားပါတယ်။

ကုမ္ပဏီငွေစာရင်းထဲ ပို့ကုန်ရငွေ ဝင်ရောက်လာတဲ့အခါ ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီကို အာမခံကြေးငွေ ပြန်ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပို့ကုန်ကြေညာလွှာရရှိပြီး အလုပ်လုပ်ရက် ၇ ရက်အတွင်းမှာ ကုမ္ပဏီရဲ့ ငွေစာရင်းကို ပို့ကုန်ရငွေ ဝင်ရောက်အောင် ဆောင်ရွက်ရမယ်လို့ ဆိုထားပြီး သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေ ဝင်ရောက်ခြင်းမရှိပါက အာမခံကြေး (Deposit) ငွေ သိမ်းယူတာအပြင် ကုမ္ပဏီရဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကို ပိတ်သိမ်းသွားမယ်လို့ ကုန်သွယ်ရေးဌာနက သတိပေးထားပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်အတွက် အာမခံကြေးသွင်းရာမှာ အမေရိကန်ဒေါ်လာ၊ ယွမ်၊ ဘတ်၊ ကျပ် စတဲ့ ငွေကြေးအမျိုးအစားတွေအနက်က ဘယ်ငွေကြေးအမျိုးအစားနဲ့မဆို သက်ဆိုင်ရာ နယ်စပ်ဒေသ ဈေးကွက်ပေါက်စျေးအတိုင်း ပေးသွင်းနိုင်ပြီး ပို့ကုန်လိုင်စင် လျှောက်ထားရာမှာ သက်မှတ်ထားတဲ့ အာမခံကြေး အပ်နှံငွေပမာဏ ပြည့်မီကြောင်း PO Cheque အထောက်အထားကို သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးဇုန် သို့မဟုတ် ကုန်သွယ်ရေးစခန်းတွေမှာ ပြသအပ်နှံရမယ်လို့လည်း ကုန်သွယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

အရင်က ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်း ကြိုတင်ဝင်‌ရောက်ပြီးမှ Export လိုင်စင် ထုတ်ပေးတဲ့ စနစ်ကြောင့် Exporter တွေအနေနဲ့ ပြင်ပပေါက်ဈေးနဲ့ ဒေါ်လာဝယ်ယူပြီး အရှုံးခံ စိုက်သွင်းပြီးမှ ရရှိခဲ့တဲ့ တရားဝင်လိုင်စင်နဲ့ ပို့ကုန်တင်ပို့မှုတွေ ဆောင်ရွက်နေရတယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

“ပြည်ပက ဘယ်ဝယ်လက်ကမှ သူတို့ဆီ မပို့ရသေးတဲ့၊ Shipping document တွေ အသာထား၊ လိုင်စင်ခွင့်ပြုချက်တောင် မရသေးတဲ့ မြန်မာကုမ္ပဏီကို ငွေကြိုမထည့်ပါဘူး။ ဒီတော့ Exporter တွေဟာ မိမိငွေ ၁၀၀ ရာခိုင်နှုန်းနဲ့ ဒေါ်လာကို ပြင်ပမှာ စျေးကွက်ပေါက်စျေးနဲ့ ဝယ်ယူ၊ ပြည်ပမှာရှိတဲ့ Third Party ကုမ္ပဏီတွေဆီ စိုက်လွှဲ၊ ပြီးမှ မြန်မာဘဏ်ကို တဖန်ပြန်လွှဲပြီး လွှဲငွေရဲ့ ၆၅ ရာခိုင်နှုန်းကို နိုင်ငံတော်ဆီ တဒေါ်လာ ၂,၁၀၀ ကျပ်နဲ့ ပေးသွင်းပြီးမှ Credit Advise ရရှိပါတယ်။ Credit Advise နဲ့မှ ပို့ကုန်လိုင်စင် လျှောက်ထားခွင့်ပြုတာ ဖြစ်ပါတယ်” လို့ ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍနဲ့ ငွေကြေးဆိုင်ရာကဏ္ဍတွေမှာ မူဝါဒအပြောင်းအလဲတွေ၊ စည်းမျဉ်းကန့်သတ်ချက်တွေ များလာတာကြောင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေဟာ မရေရာမှုတွေနဲ့ အခက်တွေ့နေကြရပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ ဈေးကွက်ပေါက်ဈေးထက် ကွာဟချက်များတဲ့ တရားဝင် ဒေါ်လာ ငွေလဲနှုန်းကို သတ်မှတ်ပေးထားပြီး လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကိုလည်း ဗဟိုဘဏ်ပေါက်ဈေးနဲ့ တွက်ပြီး မြန်မာငွေ မဖြစ်မနေ လဲရမယ်လို့ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013