
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စခန်းတခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကနေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၉ ရက် ညနေ ၃ နာရီလောက်မှာ လယ်တောင်ယာကျေးရွာက ဘုန်းကြီးကျောင်းပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အဲဒီစခန်းချထားတာ သိပ်မကြာသေးဘူး။ ဒရုန်းနဲ့ ဗုံးသီးသွားချတာပါ။ သူတို့ဘက်က ပြန်ပစ်ခတ်တာတွေတော့ မရှိဘူး” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ အတိအကျ မသိရဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဇွန် ၂၈ ရက် ညနေ ၆ နာရီလောက်မှာလည်း အဲဒီ လယ်တောင်ယာရွာက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဇွန် ၆ ရက်ကလည်း ချောင်းညီကိုကျေးရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကနေ စစ်ကြောင်းနှစ်ကြောင်း ခွဲကာ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၁၀ ယောက်ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကနေ ၂ဝ ရက်နေ့အထိ ၅ ရက်တာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဆေးဗိုလ် ၁ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။










