Home
မြန်မာသတင်း
ကြူကုတ် (ပန်ဆိုင်း) တွင် စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ် တိုက်ပွဲပြန်ဖြစ်
DVB
·
June 30, 2023
243723518_539106763803988_9092776113123134534_n-1

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်၊ မုံးပေါ်ဘက်ရှိ စီစီဝမ်တာဘန် တောင်ကြောဘက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ ဇွန် ၂၉ ရက် ညနေ ၃ နာရီလောက်က တိုက်ပွဲပြန်ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ကိုးကန့်နဲ့လို့ သိရတယ်။ မနေ့က ၂ နာရီကျော် ၃ နာရီလောက်ကနေ စ ပစ်ခတ်သံကြားတာ၊ မနေ့ည မိုးချုပ်ထိပဲ။ မိုးချုပ်တော့ ငြိမ်သွားပြီလို့ ထင်နေတာ၊ ည ၁၁ နာရီ ၁၂ လောက်မှာ လက်နက်ကြီးတွေ ပြန်ပစ်နေတာ” လို့ ပြောပါတယ်။

နမ့်တောင်းနဲ့ မုံးပေါ်ကြားက ဗြုန်းတောင်၊ နွားလဘို့တောင်နဲ့ စီစီဝမ်တာဘန် တောင်ကြောတလျှောက်မှာ တိုက်ပွဲပြင်းထန်နေပြီး မိုင်ဖန်ရွာနဲ့ ၁၀၅ မိုင်တို့ကနေ လက်နက်ကြီးတွေ ပစ်ကူတယ်လို့ သူကပြောပါတယ်။

နောက်ထပ် ဒေသခံအမျိုးသမီးတဦးကတော့ “သေနတ်သံတွေလည်း ကြားရော လူတွေလည်း အသွားအလာ ပြတ်သွားတယ်။ လမ်းတွေမှာလည်း လူတွေမရှိတော့ဘူး။ ကျောင်းသူ၊ ကျောင်းသားတွေလည်း တဖက်ရွာကို မပြန်ရဲလို့ ဒီမှာလာနားနေကြတာ။ ဈေးရောင်းတဲ့ အဒေါ်တယောက်လည်း မပြန်ရဲလို့ ဒီမှာပဲစောင့်နေတာ” လို့ ပြောပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲမဖြစ်တာ ၆ လခန့်ကြာပြီဖြစ်ပြီး ခုလို ရုတ်တရက် တိုက်ပွဲဖြစ်လာတာကြောင့် လက်ရှိ ဒေသခံတွေအနေနဲ့ စပါးပျိုးနှုတ် ကောက်စိုက်နေဆဲ ဖြစ်ကာ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။

မနေ့ညက တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီမနက် အစောပိုင်းကနေ Mytel ဖုန်းလိုင်းတွေ ပြတ်တောက်သွားပြီလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် အဲဒီဒေသမှာ တခြားဒေသတွေလောက် လူသူထိခိုက်တာမျိုး မရှိပေမဲ့ စစ်လက်နက်အကြွင်းအကျန်ကြောင့် စိုက်ပျိုးခြံမြေ အများအပြား သွားလာလို့ မရတော့တာကြောင့် စွန့်လွှတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသမှာ စစ်ကောင်စီ တပ်မ ၉၉ အဓိက စခန်းထိုင်ရာနေရာဖြစ်ပြီး ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ကိုးကန့် MNDAA, TNLA, KIA အပြင် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတို့ သွားလာလှုပ်ရှားရာ နေရာဒေသဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024