Home
မြန်မာသတင်း
ဝက်လက်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်
DVB
·
June 29, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်က ဝက်လက်မြို့ပတ်ပတ်လည်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဒီနေ့ ဇွန် ၂၉ ရက် မနက် ၉ နာရီ ၁၀ မိနစ်က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက အခုလို လေကြောင်းကနေ ပစ်ခတ်ရတာဟာ တော်လှန်ရေးအင်အားစုတွေက ဝက်လက်မြို့မရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် ဒရုန်းနဲ့ပါ ဗုံးသီးချ တိုက်ခိုက်တာကြောင့် စကစဘက်က အထိနာပြီး အခုလို လာရောက်ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုဂျိမ်းစဘွန်းက “ပထမက ဒီနေ့မနက်ခင်း ၅ နာရီလောက်ကတည်းက ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ အားလုံးပေါင်းပြီး ပစ်ခတ်တာတွေလုပ်တယ်။ ကျနော်တို့ ပြန်ဆုတ်တဲ့အခါကျမှ မန္တလေး တံတားဦးကနေ တိုက်လေယာဉ်နဲ့ ဝက်လက်မြို့ပတ်ပတ်လည်ကို ပစ်ခတ်တယ်။ ကျနော်တို့ ဝက်လက်က ရဲဘော်တွေကတော့ အထိအခိုက်ကတော့ မရှိခဲ့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ဝက်လက်မြို့ပတ်ပတ်လည်ကို လေယာဉ်နဲ့ ဗုံးသီး ၁၀ လုံးနီးပါးချ တိုက်ခိုက်သလို စက်လက်နက်အကြီးစားနဲ့ပါ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတဦးက “ဗုံးကြဲတာက ကျနော်တို့ ဝက်လက်အနောက်ခြမ်းက ခေါတောရွာမှာ ဗုံးသီး ၄ လုံးကြဲတယ်။ ခေါတောရွာ မြသိန်းတန်ဘုန်းကြီးကျောင်း တောင်ဘက်လမ်းကြားထဲမှာ ၄ လုံးကျတယ်။ ပြည်သူတွေကတော့ ထိခိုက်မှုမရှိဘူ။ ဗုံးစတွေထိမှန်လို့ အဆောက်အဦလေးတွေ ထိခိုက်ပျက်စီးတာတော့ ရှိတယ်ဗျ။ နောက်ထပ် သခွတ်တောကင်းမှာက စက်လက်နက်ကြီးနဲ့ ပစ်သွားတယ်။ အဲလိုပစ်တာက PDF ကလေး ၃ ယောက် ကျည်စထိမှန်တာရှိတယ်။‌ တယောက်က ဘောကိုထိတယ်၊ နောက်နှစ်ယောက်က ပေါင်တွေထိမှန်တယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး။ ထိတဲ့လူတွေရဲ့ အမည်ကတော့ မျိုးလင်း၊ ဘကြီးမှုံ၊ မျိုးလှိုင် အဲ့သုံးယောက်ပါ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဝက်လက်မြို့ပတ်ပတ်လည်ကို လေကြောင်းကနေ ခေါတောကျေးရွာမှာ ဗုံးသီး ၄ လုံး၊ မြင်တော်ကုန်းမှာ ဗုံးသီး ၃ လုံး၊ လိမ်ပင်ရွာအနီး တလုံးနဲ့ ဝက်လက်မြောက်ဘက် တောပြုတ်တောတွေထဲ ၂ လုံး စုစုပေါင်း ၁၀ လုံးကြဲ တိုက်ခိုက်ခဲ့ပြီး စက်လက်နက်တွေနဲ့ပါ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကောင်စီက မြို့နဲ့ပတ်ပတ်လည်ကို ပစ်ခတ်ခဲ့ပြီး ဝက်လက်မြို့အနောက်ဘက် မြို့အထွက်က မီးသတ်ရုံးအဆောင်ကိုပါ မှားယွင်းပစ်ခတ်တာတွေပါ ပြုလုပ်ခဲ့တာကြောင့် မီးသတ်ရုံးအဆောက်အဦတခြမ်း ပြိုကျပြီး ဝန်ထမ်းတချို့ အထိအခိုက်တွေ ရှိနိုင်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ နောက်တကြိမ် လာရောက်ပစ်ခတ်ဦးမယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ဒေသတွင်းမှာ ထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူတချို့ နေရပ်စွန့်ခွာနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024