
လာမယ့် ဩဂုတ် ၁ ရက်က စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ သွင်းကုန်လုပ်ငန်းတွေ ဘဏ်စနစ်နဲ့သာ ငွေပေးချေမှု ဆောင်ရွက်ခွင့်ပြုမယ်လို့ စစ်ကောင်စီ ကုန်သွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ဘဏ်စနစ်နဲ့ ဆောင်ရွက်မှုကို ကနဦးအနေနဲ့ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁ ရက်က စတင်ကျင့်သုံး ဆောင်ရွက်စေခဲ့တာ ဖြစ်ပါတယ်။
အခုအခါ ဒုတိယအဆင့်အနေနဲ့ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးရဲ့ သွင်းကုန်လုပ်ငန်းတွေမှာ အဲဒီစနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်လာတာပါ။
သွင်းကုန်ပစ္စည်းတင်သွင်းမှုအတွက် ပို့ကုန်ရငွေ၊ တခြားဝင်ငွေတွေနဲ့ ပြည်တွင်းဘဏ်က ဖြစ်စေ ဝယ်ယူရရှိထားတဲ့ ငွေစာရင်းလက်ကျန် (ယွမ်ငွေ) ကိုသာ အသုံးပြု တင်သွင်းခွင့် ပြုမယ်လို့ သတ်မှတ်ထားပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နောက်ပိုင်း ဝင်ရောက်တဲ့ ဝင်ငွေကိုသာ အသုံးပြု ဆောင်ရွက်ခွင့်ပြုမယ်လို့လည်း ကန့်သတ်ထားပါတယ်။
ဒါ့ကြောင့် ကုမ္ပဏီတွေအနေနဲ့ သွင်းကုန်လိုင်စင် လျှောက်ထားရာမှာ မိမိတို့ရဲ့ ဘဏ်ငွေစာရင်းကို ပို့ကုန်တင်ပို့ခြင်းက ရရှိတဲ့ ဝင်ငွေ သို့မဟုတ် တခြားဝင်ငွေ ဝင်ရောက်ကြောင်း၊ ဒါမှမဟုတ် ပြည်တွင်းဘဏ်က ဝယ်ယူထားကြောင်း ဘဏ်ကထုတ်ပေးတဲ့ အထောက်အထားနဲ့ ဘဏ်ငွေစာရင်းရှင်းတမ်း မူရင်းတို့ကို ပူးတွဲပြီး ကုန်သွယ်ရေးဦးစီးဌာနကို တင်ပြ လျှောက်ထားရတော့မှာ ဖြစ်ပါတယ်။
ဌာနအနေနဲ့ အဆိုပါ အထောက်အထားတွေကို စိစစ်ပြီး ဘဏ်ငွေစာရင်းလက်ကျန် ပမာဏထက် မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ် သြဂုတ် ၃၀ ရက်အထိ ကာလအတွင်း လျှောက်ထားပြီးဖြစ်တဲ့ သွင်းကုန်လိုင်စင်တွေ အခုကြေညာချက်မှာ အကျုံးမဝင်ဘဲ အဲဒီနေ့ရက်မတိုင်မီ ထုတ်ပေးပြီးဖြစ်တဲ့ သွင်းကုန်လိုင်စင်တွေနဲ့ ကုန်ပစ္စည်းတင်သွင်းမှုတွေကို သြဂုတ်လကုန်ရက် မတိုင်မီ ပြီးပြတ်အောင် တင်သွင်းရမှာဖြစ်ပြီး တင်သွင်းနိုင်ခြင်းမရှိပါက သွင်းကုန်လိုင်စင် ပျက်ပြယ်သွားမှာဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီအနေနဲ့ ရရှိတဲ့ ပို့ကုန်ဝင်ငွေကို မိမိကိုယ်တိုင် သွင်းကုန်တင်သွင်းနိုင်သလို တခြားကုမ္ပဏီတခုခုကိုလည်း လွှဲပြောင်းနိုင်တယ်လို့ သတ်မှတ်ထားပြီး ပို့ကုန်ရငွေသုံးပြီး သွင်းကုန်တင်သွင်းရာမှာ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းတခုခုကနေ တခြားတခုခုကိုလည်း လွှဲပြောင်း သုံးစွဲနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ သူတို့လက်ထက်မှာ သွင်းကုန်တင်သွင်းမှုတွေအပေါ် တင်းကျပ် ကန့်သတ်တာကို လုပ်နိုင်သမျှ လုပ်နေတာ တွေ့ရပြီး မကြာသေးခင်လပိုင်းကလည်း စစ်အုပ်စု ခေါင်းဆောင်က ကုန်သွယ်မှုလိုငွေ မဖြစ်ပေါ်အောင် သွင်းကုန်တွေကို စိစစ် တင်သွင်းခွင့်ပြုဖို့ ညွှန်ကြားခဲ့ပါတယ်။











