Home
မြန်မာသတင်း
သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ “ရိက္ခာထောက်ပို့ မန်းမြေသို့” ကမ်ပိန်းပြုလုပ်
DVB
·
June 29, 2023

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တပ်ရင်းတွေကို မိုးတွင်းအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ဖို့အတွက် The crows - တော်လှန်ကျီးကန်းများအဖွဲ့နဲ့ ပူးပေါင်းပြီး “ရိက္ခာထောက်ပို့ မန်းမြေသို့” ကမ်ပိန်း ပြုလုပ်ထားတယ်လို့ သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရိက္ခာထောက်ပို့ မန်းမြေသို့” ကမ်ပိန်းကို ဇွန် ၂၆ ရက်ကစတင်ခဲ့တာဖြစ်ပြီး ဆန် ၁ အိတ်ကို ၃ သောင်းကျပ်၊ ငါးနီတူ ၁ အိတ် ၁ သောင်းကျပ်၊ အာလူး ၁ အိတ် ၅ ထောင်ကျပ်နဲ့ ပါဝင်ထောက်ပံ့နိုင်တယ်လို့ ကမ်ပိန်းကိုတာဝန်ယူပြုလုပ်နေတဲ့ The Crows - တော်လှန်‌ကျီးကန်းများအဖွဲ့က ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ Local PDF တွေ၊ အခြားသော တပ်ရင်းတပ်ဖွဲ့တွေ အားလုံးအတွက် မိုးရာသီရိက္ခာစုဆောင်းဖို့ ကုန်ကျစရိတ်ဟာ ခန့်မှန်းခြေ သိန်း ၆၉၀ ရှိတယ်လို့ သပိတ်ကျင်း PDF တာဝန်ရှိသူက ပြောပါတယ်။

“တပ်ရင်းတပ်ဖွဲ့တွေအားလုံးရဲ့ အင်အားကိုတော့ ကျနော်တို့ အတိအကျမဖော်ပြနိုင်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ လမ်းစဉ်အရ သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ သပိတ်ကျင်းမြို့နယ်ထဲကို ရောက်ရှိလာတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ တော်လှန်ရေးသမားတွေကို စားနပ်ရိက္ခာထောက်ပံ့ရပါတယ်။ ဒီအဖွဲ့အစည်းတွေ၊ တပ်ရင်းတပ်ဖွဲ့တွေကို မိုးတွင်းကာလမှာ စားနပ်ရိက္ခာ ဖူလုံအောင် ထောက်ပံ့နိုင်ဖို့ ဒီကမ်ပိန်းပြုလုပ်ရတာ ဖြစ်ပါတယ်။”

ကမ်ပိန်းမှ ရန်ပုံငွေ ၆သိန်းခန့်သာ လက်ခံရရှိသေးပြီး သိန်း ၂၀၀ လောက်ရဖို့ မျှော်မှန်းထားတယ်လို့  ဆိုပါတယ်။ 

သပိတ်ကျင်း PDF တာဝန်ရှိသူက “သိန်း ၂၀၀ လောက်ရဖို့ မျှော်လင့်ထားပါတယ်။ သပိတ်ကျင်းမြို့နယ်တခုလုံးကို ထောက်ပံ့နိုင်ဖို့အတွက် ကုန်ကျစရိတ်က သိန်း ၇၀၀ ဝန်းကျင်မှာရှိပါတယ်။ တကယ်လို့ ထောက်ပံ့ချင်တယ်ဆိုရင်တော့ ကမ်ပိန်းကို တာဝန်ယူပြုလုပ်နေတဲ့ The Crows page မှာ သွားရောက်ထောက်ပံ့နိုင်ပါတယ်” လို့ ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေက စစ်ဒေသရဲ့ ကွပ်ကဲမှုအတိုင်း စစ်ရေးဖော်ဆောင်နေပြီး တချို့နေရာတွေမှာ သိုသိပ်စွာလုပ်ဆောင်ရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

“သပိတ်ကျင်းမြို့နယ်ဟာ စစ်ရေးအရ သိုသိပ်စွာ လုပ်ရတာဖြစ်လို့ တိုက်ပွဲသတင်း ထုတ်ပြန်ချက်တိုင်းကိုလည်း ထုတ်ပြန်ခွင့်မရှိပါဘူးဗျ၊ အဲဒီတော့ ပြည်သူတွေလည်း ကျနော်တို့မြို့နယ်ကို အာရုံစိုက်မှုနည်းပြီး ထောက်ပံ့မှုလည်း အနည်းအကျဉ်းသာ ရှိပါတယ်ဗျ။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024