
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ မိုင်တိုင်အမှတ် ၁၁၃/၅ ဖာလုံမှာ ဇွန် ၂၈ ရက် မနက်အစောပိုင်းက နစ်ဆန် အိမ်စီးကားတစီး တိမ်းမှောက်ခဲ့ပြီး အမျိုးသား ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ရန်ကုန်ဘက်ကနေ နေပြည်တော်ကို မောင်းလာတဲ့ နစ်ဆန် Vanette ခဲရောင်ကားဟာ ဒီနေ့မနက်အစောပိုင်း ၁၂ နာရီ ၄၅ မိနစ်လောက်က လမ်းမအလယ်ရှိ ထန်းပင်ကို ဝင်တိုက်မိတာပါ။
အမြန်လမ်းမီးသတ်နဲ့ နီးစပ်သူတဦးက “၁၁၃ မိုင် ၅ ဖာလုံမှာ နစ်ဆန်ကားက အလယ်ကျွန်းကို တိုက်မိတာ၊ ကားထဲက ၂ ဦး ထွက်ပါတယ်။ ၁ ဦးကတော့ ကားထဲညပ်နေတယ်။ ဝင်တိုက်ချိန်ကတည်းက ဒရိုင်ဘာကတော့ သေဆုံးနေပါပြီ။ ၁၁၅ မိုင် မီးသတ်တပ်ဖွဲ့နဲ့ ဖြူးမြို့နယ် သန္ဓေတပ်ဖွဲ့ဝင်တွေက ပူးပေါင်းကယ်ထုတ်ခဲ့တာ” လို့ ပေြာပါတယ်။
ယာဉ်တိုက်မှုကြောင့် နစ်ဆန်ကားရဲ့ ရှေ့ခြမ်းနဲ့ မှန်တွေ ပျက်စီးသွားပြီး ယာဉ်မောင်းဖြစ်သူ အမျိုးသား ၁ ဦးရဲ့ ဦးခေါင်း၊ ရင်ဘတ် ထိခိုက်ဒဏ်ရာနဲ့ သေဆုံးသွားကာ ကျန်အမျိုးသား ၁ ဦးမှာ လက်နဲ့ မျက်နှာ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။
ယာဉ်တိုက်မှုဖြစ်ပေါ်တဲ့နေရာကို ဖြူးမြို့နယ်မီးသတ်တပ်ဖွဲ့၊ ၁၁၅ မိုင် အမြန်လမ်း မီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့တွေ၊ ကြက်ခြေနီအသင်းတို့က မနက် ၁ နာရီခွဲလောက်မှာ ပူးပေါင်းကယ်ဆယ်နိုင်ခဲ့ကြပြီး ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူတွေကို ဖြူးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။










