
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်း၊ စဉ့်ကိုင်တောင်ရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဇွန် ၂၈ ရက် မနက် ၅ နာရီကျော်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်အတွင်းကနေ ဖလပ်သံခွံ အလတ်စား ၂ စီးနဲ့ လာရောက် ပစ်ခတ်ဝင်ရောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စဉ့်ကိုင်တောင်ရွာသားတဦးက “မနက်အစောကြီးပဲဗျာ။ ဘာမှယူချိန်ကို မရခဲ့ဘူး။ အသက်လု ထွက်ပြေးခဲ့ရတာ။ ဘာကြောင့် အခုလိုလာပစ်တယ်တော့ မသိဘူးဗျာ။ ကျနော်တို့ရွာသားတွေကတော့ ပစ်သံကြားရတာနဲ့ ရွာထဲကနေ ထွက်ပြေးခဲ့ရတာပဲ။ ဖမ်းမိတဲ့ ရွာသားတွေလည်း ရှိနိုင်သလို သေဆုံးသူတွေလည်း ရှိနိုင်တယ်ဗျ။ အခုထိ ရွာထဲကနေ စစ်ကာင်စီတွေ မထွက်သေးတော့ ဘာမှ အတိအကျတော့ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
အခုလို စဉ့်ကိုင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၁၇ ဦး လက်နက်တွေနဲ့အတူ အသေဖမ်းဆီးမိတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုမှာ ဖော်ပြထားပြီး ဒေသခံတွေကတော့ PDF တွေအပြင် ဒေသခံတွေလည်း ပါဝင်နိုင်တယ်လို့ဆိုပါတယ်။
ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ သူတို့က စစ်ကြောင်းထိုးလာမယ်ဆိုတဲ့ သတင်းကို ကျနော်တို့ဘက်က မိနစ် ၂၀ လောက်က ကြိုတင်သတင်းရထားတယ်။ သူတို့က ပထမ ဖလပ်သံခွံမော်တော် နှစ်စီးနဲ့ စဉ့်ကိုင်တောင်ရွာကို အရင်စီးတယ်။ နောက်ကနေ လူစီးမော်တော်တစီးနဲ့ စစ်ကူအဖြစ်လိုက်လာတဲ့ (--)တွေက ကျောင်းဖြူကျေးရွာကနေ ပိတ်ပြီး ပစ်ခတ်တာတွေ လုပ်တယ်။ စစ်ကြောင်းက စဉ့်ကိုင်တောင်ရွာမှာ စစ်ကြောင်းတကြောင်းနဲ့ ကျောင်းဖြူရွာမှာ တကြောင်းဆိုတော့ စစ်ကြောင်းက ၂ ကြောင်း ဖြစ်သွားတာပေါ့။ စစ်ကြောင်း နှစ်ကြောင်း စစ်သားအင်အားက ၁၅၀ နဲ့ ၂၀၀ ကြားမှာ ရှိလိမ့်မယ်လို့ ထင်တယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကလည်း စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ပြည်သူ့ကာကွယ်ရေးစခန်းတခုကို ရုတ်တရက် ဝင်ရောက်စီးနင်း တိုက်ခိုက်တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂၀ နီးပါး ကျဆုံးခဲ့ရသလို ဖမ်းဆီးခံရသူလည်း ၂၀ နီးပါး ရှိနိုင်တယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ေရးတပ်ဘက်က လက်နက်အများအပြားနဲ့ ကျည်ဆန်အများအပြား ဆုံးရှုံးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီက စဉ့်ကိုင်ရွာနဲ့ ကျောင်းဖြူရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၂ ကြောင်းခွဲ ဝင်ရောက်နေတာကြောင့် အဆိုပါကျေးရွာ ၂ ရွာက ဒေသခံတွေ အပါအဝင် အနီးအနား ကျေးရွာ ၈ ရွာက ဒေသခံတွေပါ အရေးပေါ် စစ်ကြောင်းရှောင် နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။










