
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက ငါးပတ်ချောင်းအနီးမှာ ဇွန် ၂၇ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဝက်လက်မြို့တဖက်ကမ်း စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာကနေ မနက် ၇ နာရီလောက်မှာ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ ဝက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
“သူတို့စစ်ကြောင်းထိုးရုံသက်သက်ဆိုရင် ဘာမှ ကျနော်တို့ဘက်က လုပ်စရာအကြောင်း မရှိဘူးလေ။ အခုဟာကဗျာ ကျနော်တို့ ငါပတ်ချောင်းရွာနဲ့ သရက်ပင်ဆိပ်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို ရွာသာယာပျူရွာကို အရင်ဆုံး သယ်ထုတ်တယ်ဗျ။ ရွာသာယာက ပျူတွေလည်း ပြည်သူပိုင်ပစ္စည်းတွေ သယ်တဲ့နေရာမှာလည်း သူတို့ပါ စစ်ကောင်စီနဲ့ပေါင်းပြီး သယ်တယ်ဗျ။ အဲဒီလိုပစ္စည်းတွေသယ်ပြီး ရွာကို မီးရှို့တာတွေ လုပ်တယ်။ အဲလိုလုပ်တော့ ကျနော်တို့လည်း လက်ပိုက်မကြည့်နိုင်တော့လို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်တယ်။ သူတို့ဘက်ကလည်း ဒရုန်းအသုံးပြုပြီး ကျနော်တို့ဘက်ကို ဗုံးသီးချတိုက်ခိုက်တာတွေ ပြန်လုပ်တယ်ဗျ။ အထိအခိုက်တော့ မရှိခဲ့ဘူး။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီး ရွာသာယာရွာက ပစ္စည်းတွေကို ထုံးကြီးရွာဘက် မော်တော်နဲ့ တချို့ တဝက်သယ်သွားတယ်ဗျ” လို့ ဝက်လက်မြို့နယ် ပြည်သူကာကွယ်ရေးဖြစ်တဲ့ ဗိုလ်ကျားကြီးက ပြောပါတယ်။
ငါးပတ်ချောင်းရွာနဲ့ သရက်ပင်ဆိပ်ရွာကို မီးရှို့ပြီး စစ်သားအချို့ ကျန်နေသေးတာကြောင့် ဒေသခံတွေ ရွာထဲပြန်မဝင်ရဲသေးဘဲ နေအိမ် ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာ မသိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကို ဝက်လက်မြို့အရှေ့ခြမ်းက ဗိုလ်ကျားကြီးအဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက ပူး ပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။










