DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စက်သုံးဆီပြတ်ပြီး ဆိုင်အချို့ပိတ်ထားရ၊ မိုးညှင်းက နေအိမ်တလုံး ဓားပြတိုက်ခံရ
DVB
·
June 28, 2023
ဖားကန့်တွင် စက်သုံးဆီပြတ်ပြီး ဆိုင်အချို့ပိတ်ထားရ၊ မိုးညှင်းက နေအိမ်တလုံး ဓားပြတိုက်ခံရ
1 / 2
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယာဉ်တွေကို အကန့်အသတ်နဲ့ ဝင်ရောက်ခိုင်းတဲ့အတွက် စက်သုံးဆီဆိုင်အချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။

မြစ်ကြီးနား ဖားကန့်လမ်း နန့်ယားစစ်ဆေးရေးဂိတ်မှာ စက်သုံးဆီသယ်ယာဉ် တနေ့ကို နှစ်စီးမှ သုံးစီးသာ ဖြတ်သန်းခွင့်ပြုတဲ့အတွက် မြို့နယ်အတွင်းက စက်သုံးဆီအရောင်းဆိုင်အချို့ ဆီပြတ်လပ်နေတဲ့အတွက် ဆိုင်ပိတ်ထားရတာလို့ ဒေသခံတွေက ပြောပါတယ်။

“နန့်ယားဂိတ်မှာက တနေ့ကို  စက်သုံးဆီကား နှစ်စီးကနေ သုံးစီးပဲ မြို့ထဲအဝင်ခံတယ်။ မြို့ထဲလည်း စက်သုံးဆီကား အဝင်မခံတော့ စက်သုံးဆီ ပြတ်လပ်ပြီး ဆိုင်တွေလည်း ပိတ်ထားကြတယ်။ ဆန်ကားလည်း ဖြတ်သန်းခွင့် ပိတ်တဲ့အထဲပါတယ်။ သူတို့ အဆင်ပြေရင်လည်း လွှတ်ပေးပြန်ရော" လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီအထိုင်ချတဲ့ နန့်ယား စစ်ဆေးရေးဂိတ်က စက်သုံးဆီကားတွေ အကန့်အသတ်နဲ့သာ ဖြတ်သန်းခွင့်ပြုတဲ့အတွက် မှော်စီစာကျေးရွာက စက်သုံးဆီဆိုင်တွေ အတော်များများ  ပိတ်ထားရတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ရေနံထွက် ပစ္စည်းများ ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ စက်သုံးဆီဆိုင်ပေါင်း ၁၈ ဆိုင်ရှိပြီး ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် စစ်ကောင်စီတပ်က စက်သုံးဆီ သယ်ယူခွင့်ကို ၂၀၂၃ ခုနှစ်  ဇန်နဝါရီကစတင်ပြီး ဒီနေ့အထိ  ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့ ဗောဓိကုန်းကျေးရွာ နေအိမ်တလုံးမှာ ဇွန် ၂၇ ရက်မနက်က  ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၁၁ နာရီလောက် အမျိုးသမီးတဦးတည်းရှိနေချိန် ဓားပြတိုက်သွားတာ။ လူသုံးယောက် mask တပ် ဓားတွေနဲ့ ရောက်လာပြီး အဘွားကြီးဆီက ရွှေသုံးကျပ်သား ယူသွားတယ်။  လူကိုတော့ ဘာမှလုပ်မသွားဘူး။ ပစ္စည်းပဲ ယူသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိုးညှင်းမြို့နယ်မှာ တရားမဝင် လောင်းကစားဝိုင်းတွေ၊ ခိုးမှု၊ ဓားပြမှု၊ လုယက်မှုတွေ ပေါများလာပေမယ့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က မိုးညှင်းမြို့ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး အိမ်အနီးမှာ လူငယ်တဦးရဲ့ဆိုင်ကယ်ကို အမျိုးသား ၆ ဦးက လုယက်ခဲ့ပြီး အဲ့ဒီနေ့ ညနေပိုင်း အင်းဖို -အင်းမ မြို့ရှောင်လမ်းပေါ်မှာ အမျိုးသားတဦးရဲ့ ဆိုင်ကယ်နဲ့ အမျိုးသမီးတစ်ဦးရဲ့ ဆိုင်ကယ် နှစ်စီး လုယက်ခံခဲ့ရပေမယ့် ဒီနေ့အထိ လုယက်သူတွေကို ဖမ်းမိခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013