ကျုံပျော်မြို့နယ်ရှိ လ.ဝ.က ဦးစီးဌာနမှာ မှတ်ပုံတင်တခုကို ငွေသိန်းချီယူပြီး အသက်လိမ်လည် ထည့်ပေးတာ၊ အသစ်ပြန်လုပ်ပေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ပုံတင်ပြုလုပ်ရာမှာ ငွေပေးသူတွေကို အဓိကထား အမြန်လုပ်ပေးပြီး ငွေကြေးမတတ်နိုင်သူတွေက မှတ်ပုံတင်ရဖို့ လနဲ့ချီကြာအောင် စောင့်ရတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အချို့က မှတ်ပုံတင်ရှိတယ်။ နိုင်ငံခြားသွားချင်တယ်။ အသက်ကမပြည့်ဘူး။ အဲဒီလိုဆို ပိုက်ဆံပေးလိုက်၊ အသက်ကျော်ပေးတယ်။ ၁ သိန်း၊ ၁ သိန်းခွဲပေးရတယ်” လို့ ပြောပါတယ်။
နိုင်ငံခြားသွားမယ့်သူတွေကို လူကောင်ကြီးထွားပြီး အသက်ငယ်နေသူတွေ ဖြစ်နေရင် အသက်ကို ၁၈ နေရာမှာ အသက် ၂၀ ကျော် ပြောင်းယူဖို့ ပျောက်ဆုံးနဲ့ ပြန်လည်လျှောက်ထားကြတာလို့ လ.ဝ.က ရုံးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အထောင်တို့၊ ကျုံတနီး၊ ကုလားစု၊ အင်းမကုန်းဘက်က လူတွေဆို ကျောင်းတုန်းကလုပ်ထားတဲ့ မှတ်ပုံတင်ရှိတယ်။ အဲဒါကို သိမ်းထားပြီး ပျောက်ဆုံးလျှောက်တယ်။ ပြန်လျှောက်တဲ့အခါ အသက်ကို ပြင်လိုက်တယ်။ အဲဒီအတွက် ၁ သိန်းပေးရတယ်။ ပုံမှန်လုပ်တဲ့သူတွေဆို ၂ လ စောင့်ရတယ်။ ဒီလိုလုပ်ပေးတာကို အချက်အလက်နဲ့ ဘယ်ဝန်ထမ်းယူလဲဆိုတာ သိအောင်လုပ်ပြီး တိုင်ဖို့လုပ်နေတယ်။”
မှတ်ပုံတင်မှာ အသက်လိမ်လည်ထည့်ပေးဖို့ ပွဲစားတွေနဲ့ တိုက်နယ်မှုးများက ငွေကြေးတောင်းခံပြီး ဦးစီးမှူးက မစိစစ်ဘဲ လက်မှတ်ရေးထိုး ထုတ်ပေးနေတာပါ။ ငွေကြေးမပေးနိုင်လို့ ရုံးမှာ ကိုယ်တိုင် လာလုပ်သူတွေအတွက်ကတော့ လနဲ့ချီကြာမြင့်တယ်လို့ အထောင်မှာ နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မှတ်ပုံတင် ပုံစံ ၁၀ အဝင်အထွက် အကုန်တောင်းတာ။ ဦးစီးမှူးက ပျောက်ဆုံးလုပ်ရင် ဘာမှမမေးဘူး။ သိန်းနဲ့ချီရနေတော့ ဒီလိုပဲ လုပ်စားနေတာ၊ စိစစ်ပြီးအရေးယူရင် ထောင်ထဲကနေ ထွက်ရမှာမဟုတ်ဘူး။ အခုလည်း ပျောက်ဆုံးတွေကို ငွေယူပြီး အသက်လိမ်ထည့်ပေးနေတယ်။”
ကျုံပျော်မြို့နယ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ခရိုင်အဆင့် တိုးမြှင့်ထားတဲ့ မြို့နယ် ဖြစ်ပါတယ်။