Home
မြန်မာသတင်း
ငြိမ်းချမ်းရေးညီလာခံကျင်းပရေး  စစ်မတိုက်တော့သည့် ၅ ဖွဲ့နှင့် စစ်ကောင်စီဆွေးနွေး
DVB
·
June 27, 2023

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက စစ်မတိုက်တော့ဘဲ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့ ၅ ဖွဲ့နဲ့  စစ်ကောင်စီတို့ ဇွန်လ ၂၆ ရက်မနက်က နေပြည်တော်မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးညီလာခံကျင်းပရေး အပါအဝင်  ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြ ပါတယ်။

အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့  PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၅ ဖွဲ့ဖြစ်တဲ့ ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO  ကိုယ်စားလှယ်အဖွဲ့ တွေနဲ့ စစ်ကောင်စီလက်အောင်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

တွေ့ဆုံရာမှာ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုတဲ့ အချက်တွေ၊ အရင် ဆွေးနွေးပွဲတွေမှာ သဘောတူထားတဲ့ အချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး၊ ဒေသတည်ငြိမ်ရေးနဲ့  မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စတွေ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ကော်မတီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ စစ်ကောင်စီဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေ တက်ရောက်တယ်လို့ဆိုပါတယ်။

အပစ်ရပ် ၅ ဖွဲ့ဘက်ကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)  ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ ကေအန်ယူခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့  KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာတို့ တက်ရောက်ကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့ ဇွန် ၂၇ ရက်မှာလည်း  ဆက်လက်ကျင်းပနေပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်း ၁၀၀ ကျော်ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက တဖက်မှာ ငြိမ်းချမ်းရေးဆွေးနေတယ်လို့ ပြောနေပေမဲ့ တဖက်မှာတော့ နိုင်ငံတဝန်းမှာ ကျေးတွေကို ရွာမီးရှို့၊ လူသတ်၊ ငွေနဲ့ပစ္စည်းတွေလုယူ၊ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက် အကြမ်းဖက်မှုတွေ မျိုးစုံ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။

Photo-MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024