
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်တဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဘုရားကုန်း ရပ်ကွက်မှာ နေထိုင်ပြီး ကျောက်စိမ်းအရောင်းအဝယ်လုပ်ကိုင်တဲ့ အမျိုးသားတဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ဆက်နွှယ်တယ်ဆိုပြီး ဇွန်လ ၂၅ ရက် ညနေမှာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသေတဦးက "ညနေ ၅ နာရီလောက် ကလေး ကျူရှင်သွားပို့ရင်း အဖမ်းခံရတာ။ ကျောက်စိမ်းအရောင်းအဝယ်လုပ်ငန်းလုပ်တယ်။ KIA နဲ့ ဆက်နွှယ်တယ်ဆိုပြီး ဖမ်းတာ။ ဘယ်လို ဆက်နွှယ်တယ်ဆိုတာကတော့ ကျနော်မသိဘူး" လို့ ပြောပါတယ်။
KIA နဲ့ ဆက်နွှယ်တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ကိုချစ်ကို ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ဇွန် ၂၁ ရက်က ဖားကန့်မြို့နယ် ဆိုင်းတောင် အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ KIO အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့လို့ ၃ ဦးသေဆုံးခဲ့ကာ ၁၂ ဦးထိခိုက် ဒဏ်ရာရခဲ့ပြီး ၃၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါသေးတယ်။










