
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရာဇဂြိုဟ်ဆည်အနီးက တံတားကျိုးကျပြီး တံတားပေါ်ကကား ချောက်ထဲပြုတ်ကျခဲ့တာကြောင့် ကားသမား အပါအဝင် ခရီးသည် ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၂၄ ရက် နေ့လယ်က ရာဇဂြိုလ်မြို့အနီး မြစိမ်းကျေးရွာကနေ တွန်းဇံမြို့နယ်၊ ရှယ်ထောဇန်ကျေးရွာကိုအပြန် ရာဇဂြိုဟ်ဆည်အနီးက တံတားကျိုးရာကနေ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ရာဇဂြိုဟ်ဆည်အနီး ခုံသာရွာ ဒေသခံတဦးက “အသုဘကိစ္စ လာကြတယ်လို့ကြားတယ်။ ကားပေါ်မှာ ကားမောင်းအပါ လူ ၉ ယောက်ပါတယ်။ ကလေးအပါအဝင် ၇ ဦးကတော့ ပွဲချင်းပြီးဆုံးတယ်။ အဲ့ဒီလမ်းက လူသွားလူလာနည်းတယ်။ တံတားက သိပ်မကောင်းဘူး။ ချောက်က နက်ပြီး တံတားက မြင့်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည် ၂ ဦးကိုတော့ ရာဇဂြိုဟ်မြို့ ဆေးပေးခန်းမှာ ဆေးကုသမှုခံယူနေရပြီး သေဆုံးခဲ့တဲ့ ယာဉ်မောင်းအပါ ခရီးသည် ၇ ဦးကိုတော့ ခရစ်ယာန်ထုံးစံအတိုင်း ဇွန် ၂၅ ရက်က သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။
မနှစ်ကလည်း အဲ့ဒီတံတားအပေါ်မှာ ဘက်ဖိုးတစီးပြုတ်ကျပြီး လူသေဆုံးတဲ့ဖြစ်စဉ် ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။










