DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ တန့်ဆည်လူငယ် ၂ ဦး ဖမ်းဆီးခံရ 
DVB
·
June 26, 2023
ဝက်လက်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ တန့်ဆည်လူငယ် ၂ ဦး ဖမ်းဆီးခံရ 
Donate to DVB

စစ်ကိုင်းတိုင်းထဲက ဝက်လက်နယ်ထဲကို မီးရှို့ပြီး ရွှေဘိုမြို့နယ်ပြန်လာတဲ့ အင်အား ၇ဝ လောက်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ပြည်သူတဦးကို သတ်ဖြတ်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

ဇွန် ၂၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ဝက်လက်နယ်ထဲကကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရှားတောကျေးရွာကိုအဖြတ်မှာ ရှားတောရွာသား ၂ ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ၁ ဦးက နေရာမှာတင် သေဆုံးပြီး ၁ ဦးက ခြေထောက်မှန်ဒဏ်ရာရရှိခဲ့ပါတယ်။ 

အဆိုပါစစ်ကြောင်း ရှားတောကျေးရွာ မကျော်ခင်မှာပဲ  ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရွှေဘိုအခြေစိုက် Black Wolf - Army တပ်ဖွဲ့က ပြောရေးခိုခွင့်ရှိသူတဦးက DVB ကို ပြောပါတယ်။

"အဲ့တပ်က စစ်ကိုင်းနယ်နဲ့ ဝက်လက်နယ်တကြောကရွာတွေကို မီးရှို့ခဲ့တာပါ၊ အပျက်အစီးကိုတော့မသိရသေးပါဘူးခင်ဗျ။ ကျနော်တို့ ဒရုန်းကြဲချခဲ့တာ ဗုံးသီး ၄ လုံးပါ။ စစ်သား ၃ ဦးကနေ ၅ ဦးအထိ သေဆုံးနိုင်ပါတယ်။ အပြစ်မဲ့ပြည်သူ ၁ ယောက်ကိုလည်း စစ်တပ်က သတ်ဖြတ်သွားပါတယ်၊ အင်တာနက်လိုင်းပြတ်တောက်နေလို့ အခုမှထုတ်ပြန်ရတာ။”

စစ်ကောင်စီတပ် ခမရ ၃၆၄ စစ်ကြောင်းကို BLACKWOLF - ARMY တပ်ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖြစ်တဲ့ Who am i Army ၊ Forest fighter တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး DVB အနေနဲ့တော့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ဇွန် ၂၂ ရက် ညနေက ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၂ ဦးနဲ့ မိသားစုဝင်တွေ ဒီနေ့အထိ အဆက်သွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးဟာ ဇွန် ၂၂ ရက်နေ့ မနက်က ကျွန်းလှမြို့နယ် ရေနံမှော်ကနေ ရွာကိုပြန်လာတာဖြစ်ပြီး ညနေပိုင်းမှာ စစ်ကောင်စီထောက်ခံတဲ့ ပျူရွာဖြစ်တဲ့ ကျီကုန်းရွာမှာ အဖမ်းခံရတာလို့ ဆိုပါတယ်။

“သူတို့ ရေနံမှော်ကနေပြန်လာပြီဆိုတာကို ဖုန်းဆက်တယ်။ နောက်ပြီး သူတို့ဘယ်ရွာမှာ ရောက်နေတယ်ဆိုတာတွေလည်း ဖုန်းဆက်ပြီး ပြော‌သေးတယ်။ ညနေပိုင်းရောက်တော့ ဖုန်းအဆက်သွယ်ကမရတော့ဘူး။ ဘာကြောင့် အဲရွာမှာ အဖမ်းခံရတာလဲလို့ အတိအကျ သိရတာလဲဆိုတော့သူတို နောက်ဆုံးဖုန်းဆက်တဲ့နေရာနဲ့ အဲရွာနဲ့က အနီးဆုံးမှာရှိတဲ့ ရွာဖြစ်လို့ အဲလိုပြောနိုင်တာ။ ကိုယ်တွေက သူတို့ကို သတိပေးသေးတယ်။ ကွင်းသွားလို့ရရင် သွားကြဖို့ရာ ပြောသေးတယ်။ သူတို့ကလည်း သူတို့ ဘာမှမလုပ်တာကြောင့် ဘယ်နေရာကမှ ရှောင်ကွင်းသွားစရာမလိုဘူးဆိုပြီး ပြောသေးတယ်။ အဲနောက် ဘာမှ အဆက်သွယ်မရတော့ဘူး။ ဖမ်းဆီးခံရသူတွေရဲ့ မိဘတွေကတော့ မျက်ရည်နဲ့ မျက်ခွက် ပူဆွေးနေကြရတယ်ပေါ့ဗျာ” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ တန့်ဆည်မြို့နယ် အင်းရှေရွာက အသက် ၂၀ ဝန်းကျင်အရွယ် ကိုဖိုးသားနဲ့ ကိုမောင်ဦးတို့ ၂ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ကျွန်းလှမြို့နယ် ကျီကုန်းရွာမှာ ပြီးခဲ့တဲ့ မေ ၁၇ ရက်က ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ ပျူစောထီးအဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီးခေါင်းဆောင်အပါအဝင် မိသားစုဝင် ၂ ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီက လုံခြုံရေးဂိတ်တွေချကာ လာသမျှလူကို ဖမ်းဆီးရိုက်နက် ငွေတောင်းယူနေပြီး ပြန်လွှတ်ပေးတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013