DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ သာစည်ရွာ မီးရှို့ခံရ၊ စစ်ကိုင်း ပကဖစခန်း စီးနင်းခံရပြီး PDF ၁၂ ဦး ကျဆုံး 
DVB
·
June 26, 2023
ကလေးမြို့ သာစည်ရွာ မီးရှို့ခံရ၊ စစ်ကိုင်း ပကဖစခန်း စီးနင်းခံရပြီး PDF ၁၂ ဦး ကျဆုံး 
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့နားက သာစည်ကျေးရွာက ဒေသခံနေအိမ်တွေကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂၅ ရက် မနက်ပိုင်းက စစ်တပ် နဲ့ PDF  တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းမှာ သာစည်ကျေးရွာ ကတ္တရာလမ်းဘေးက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

သာစည်ကျေးရွာက ဒေသခံတဦးက "လှမ်းမြင်ရသလောက်ဆိုရင် အိမ် ၅ လုံး ရှိပြီ။ မနက်က တိုက်ပွဲဖြစ်ပြီး‌ နေ့လယ် အိမ်တွေ မီးရှို့တာ။ အရင်ကလည်း  မီးရှို့ခံခဲ့ရဖူးတယ်။‌ အခု‌တော့ ရွာမှာမနေဘဲ တိမ်းရှောင်နေကြရတယ်" လို့ ပြောပါတယ်။

သာစည်ကျေးရွာမှာ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၃၀၀၀  ကျော် နေထိုင်ပြီး လက်ရှိ ဒေသခံတွေဟာ ကလေးမြို့ပေါ်နဲ့ ဘေးလွတ်ရာဒေသတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

သာစည်ကျေးရွာမှာ စစ်တပ်နဲ့ PDF တို့ တိုက်ပွဲမကြာခဏဖြစ်နေပြီး ၃ ကြိမ်ထက် မနည်း မီးရှိ့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးစခန်း ဇွန် ၂၅ ရက်မနက်က စီးနင်းခံရတာကြောင့် PDF ရဲဘော် ၁၂ ယောက် ကျဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတယ်လို့ LPDF တွေက ပြောပါတယ်။

မနေ့ မနက် ၅ နာရီက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်၊ စစ်ကား ၆ စီး အပါအဝင် ရေလမ်းကလည်း မော်တော်ယာဉ် တစီးနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "မော်တော်နဲ့အရင်ကပ်လာတာပေါ့။ အဲဒီအချိန်မှာပဲ စစ်ကားတွေက ထက်ရောက်လာပြီး ဝိုင်းလိုက်ကျတာ။ လက်နက်ကြီးနဲ့ပစ်ပြီး စစ်ကြောင်းထိုးတယ်။ နှစ်ဖက်ပစ်ခက်မှုလည်း ရှိခဲ့ပါတယ်။ စခန်းကို အရင်ဝိုင်းခံလိုက်ရတော့ ကျဆုံးသူ များသွားရတာ။ လွတ်မြောက်လာသူ သုံးယောက်ရှိတယ်လို့တော့ သတင်းရထားတယ်။ အဆက်အသွယ် မရသေးဘူး” လို့ ပြောပါတယ်။ 

အခု တိုက်ခိုက်ခံရတဲ့စခန်းဟာ ငါန်းဇွန်ပကဖ စခန်းခွဲတခုဖြစ်ပြီး ကင်းတော်ရွာအနီး ငါန်းဇွန်မြစ်ကမ်းဘေးမှာ စခန်းချထားစဉ်  အလစ်အငိုက်အတိုက်ခံခဲ့ရလို့ သေဆုံးနဲ့ဆုံးရှုံးမှုများခဲ့ တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်များမှာ PDF ၁၂ ဦး သေဆုံးပြီး M-၂၂ သေနတ် ၁၂ လက်၊ ၄၀မမ ၁ လက်၊ ၇၉ ဗုံးပစ်လောင်ချာ ၁ လက်၊ စနိုက်ပါ ၁ လက်၊ M-၂၂ကျည် ၄၉၅၀ တောင့်၊ ၇.၆၂ ကျည် ၅၉ တောင့်၊ ရှော့တိုက်ဒုံးသီး ၂ လုံး၊ ၄၀မမ ဗုံးသီးအလုံး ၈၀၊ ကျည်အိမ် ၃၃ ခု၊ လက်ပစ်ဗုံး ၂လုံးနဲ့ တပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ယူနီဖောင်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

Photo Cj

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013