
ဥရောပတဝန်း အပူချိန်ပြင်းထန်နေတာကြောင့် ဒန်းညုမြစ်ရေ သိသိသာသာကျဆင်းလာပြီး ရိုမေးနီးယားနိုင်ငံရဲ့ တခုတည်းသော နျူကလီးယားဓာတ်အားပေးစက်ရုံကို ပိတ်လိုက်ရပါတယ်။
ချာနာဗိုဒါ နျူကလီးယားစက်ရုံမှာ ဓာတ်ပေါင်းဖို ၂ လုံးရှိပြီး ရိုမေးနီးယားနိုင်ငံ လျှပ်စစ်ဓာတ်အားရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်ပေးနေတာပါ။
စက်ရုံအအေးပေးစနစ်အတွက် ဒန်းညုမြစ်ရေကို အသုံးပြုတာဖြစ်ပေမဲ့ ရေမျက်နှာပြင် အရမ်းနိမ့်ကျလာတာကြောင့် ဒုတိယဓာတ်ပေါင်းဖိုကို ဩဂုတ် ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲလောက်မှာ လျှပ်စစ်ဓာတ်အားလိုင်းကနေ ဖြုတ်ချခဲ့ပါတယ်။
ပထမဓာတ်ပေါင်းဖိုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ပိတ်ထားခဲ့ရပြီး အခုလို စက်ရုံတခုလုံးကို ပိတ်လိုက်ရတာဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဥရောပတိုက်ရဲ့ ဒုတိယအရှည်ဆုံးဖြစ်တဲ့ ဒန်းညုမြစ်ရေဟာ နိုင်ငံတချို့မှာ နှစ် ၃၀ ကာလအတွင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းနေတာပါ။
ဒီအတွက် အိမ်နီးချင်း ဟန်ဂေရီနိုင်ငံရဲ့ ပါ့က်ရှ်နျူကလီးယားစက်ရုံလည်း လုံးဝပိတ်ထားရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
နျူကလီးယားဓာတ်အား လျော့နည်းသွားတာကို နေ့ဘက်မှာ နေရောင်ခြည်နဲ့ လေစွမ်းအင်က ဖြည့်ဆည်းပေးနိုင်ပေမဲ့ ညဘက်မှာတော့ ပြည်ပကနေ လျှပ်စစ်ဓာတ်အား ပိုမိုတင်သွင်းလာရဖွယ် ရှိနေပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် ဥရောပဟာ ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် ၂ ဆ ပိုမိုမြန်ဆန်စွာ ပူနွေးလာနေတယ်လို့ ကိုပါးနီးကပ်စ် ရာသီဥတုစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
ဩဂုတ် ၁၄ ရက်မှာ ပြင်သစ်နိုင်ငံရဲ့ ဒေသ ၈၀ လောက်မှာ အပူလှိုင်းသတိပေးချက် ထုတ်ထားသလို ဂရိနိုင်ငံမှာလည်း တောမီးအန္တရာယ်ကြောင့် ခရီးသွားအများစုပါဝင်တဲ့ လူ ၂၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
Source: Reuters











