ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ဇွန်လ ၂၂ ရက်နေ့အထိ ULA/AA က ဖွဲ့စည်းထားတဲ့ အာရက္ခအရေးပေါ် ကူညီထောက်ပံရေးနဲ့ ပြန်လည်နေရာချထားရေးစင်တာက မုန်တိုင်းသင့်ပြည်သူတွေ အရေးတကြီးလိုအပ်နေတဲ့ ဆန်နဲ့ မိုးကာတွေ ထောက်ပံကူညီပေးခဲ့ပါတယ်။
မုန်တိုင်းသင့် ပြည်သူတဦးအတွက် တစ်ရက်ကို ဆန် ၂ ဘူးနှုန်းနဲ့ ၇ ရက်စာ ထောက်ပံ့ပေးခဲ့သလို အိမ်ထောင်စုတစုကို မိုးကာ ၁၈ ပေတချပ်စီ ထောက်ပံ့ပေးခဲ့တယ်လို့ အာရက္ခအရေးပေါ် ကူညီထောက်ပံရေးနှင့် ပြန်လည်နေရာချထားရေးစင်တာ (ERRCA) ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ မြို့ပေါ် ၄ ရပ်ကွက်အပါဝင် ကျေးရွာအုပ်စုပေါင်း ၉၆ အုပ်စုရှိတဲ့ အနက် ၇၀ ရာခိုင်နှုန်းလောက်ကို သွားရောက်ထောက်ပံ့ပေးပြီးလို့ ဆိုပါတယ်။
ULA/AA အနေနဲ့ ကူညီထောက်ပံ့ရေး ကိစ္စတွေအပြင် မုန်တိုင်းသင့်ပြည်သူတွေရဲ့ နေအိမ်တွေကို ပြုပြင်တင်ဆောက်ပေးတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။